DVB Logo
Home
နိုင်ငံရေး
CNN လာသွားသောအခါ
DVB
·
April 7, 2021
CNN လာသွားသောအခါ
1 / 2
Donate to DVB

မတ်လ ၃၀ ရက်ကနေ ဧပြီ ၆ ရက်အထိ စီအန်အန်သတင်းထောက်ချုပ် Clarissa Ward နဲ့အဖွဲ့မြန်မာနိုင်ငံလာပြီး သတင်းယူသွားတယ်။

စစ်ကောင်စီက တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိပေမယ့် သူတို့ဖိတ်လို့ ရောက်လာတာပါ။ ရည်ရွယ်ချက်က အကြမ်းဖက်ပြည်သူတွေရှိနေလို့ သူတို့တပ်ဖွဲ့တွေက ပစ်ခတ်နှိမ်နင်းရတာပါလို့  ကမ္ဘာကို ညာချင်လို့ပါ။

နောက်တကြောင်းက စစ်ကောင်စီအုပ်စီးထားတဲ့ MRTV၊ MWD ကြေးမုံနဲ့ မြန်မာ့အလင်းတို့က  ထုတ်ပြန်ချက်တွေကလည်း အလိမ်အညာတွေ ချည်းဖြစ်လို့ အလုပ်မဖြစ်တာလည်း ပါပါလိမ့်မယ်။

အပြင်မှာတကယ်ဖြစ်ခဲ့တာက စစ်တပ်က အနီးအနားက ပြည်သူတွေကို သေနတ်ထောက်ပြီး လမ်းပေါ်က သဲအိတ်တွေကို ကားပေါ်တင်ခိုင်းတယ်။ ပါးစပ်ကနေ တို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့ အမှိုက်အမှိုက် ပစ်ပစ်လို့ အော်ခိုင်းတယ်။

ဒီဖြစ်ရပ်ကို ကြေးမုံသတင်းစာထဲထည့်တော့ လမ်းပေါ်ရှိ အတားအဆီးများကို ပြည်သူက ဝိုင်းဝန်းဖယ်ရှား။

ဒီလိုတွေ သတင်းပြောင်းပြန်ဖော်ပြနေတော့ ပြည်သူက စစ်ကောင်စီထုတ်သမျှသတင်းမယုံ မဖတ်ကြ။ တခါပြောဖူးသလို စစ်ကောင်စီရဲ့သတင်းမီဒီယာပလက်ဖောင်းက လမ်းဘေးဓာတ်တိုင်ဖြစ်ကုန်တယ်။

ဒီမှာတင် စစ်အာဏာရူးအနားရှိနေတဲ့ လူတတ်တယောက်ယောက်က အချွန်နဲ့မ ထင်ရဲ့။ CNN ပြည်တွင်းထဲ ရောက်လာတယ်။

ရောက်တဲ့ညပဲ စစ်တပ်ပိုင်ကုန်တိုက်နှစ်ခု ပြာကျအောင်မီးလောင်တယ်။ ပြာကျနေတဲ့ကုန်တိုက်တခုဆီကို CNN ခေါ်သွားတယ်။

ပြောချင်တာက စစ်တပ်ပိုင်ကုန်တိုက်တွေကို ဆူပူအကြမ်းဖက်သူတွေက တိုက်ခိုက်ဖျက်ဆီးတယ်ပေါ့လေ။ CNN ကတုံးတော့ အဲ့ဒီအကြောင်း သတင်းမရေးဘူး။

စစ်ကား လေးငါးခြောက်စီး ခြံရံပြီး သာယာအေးချမ်းနေကြောင်းပြချင်လို့ ရွှေတိဂုံဘုရားခေါ်သွားတယ်။ ဘုရားပေါ်မှာ သတင်းထောက်တွေပဲရှိတဲ့ ဓာတ်ပုံ အွန်လိုင်းပေါ်တက်လာတယ်။ (ပြည်သူက မရဘူး။ စစ်တပ်ကဖွင့်တဲ့ဘုရား မဖူးဘူး။ စစ်တပ်ကဖွင့်တဲ့ ထီ မထိုးဘူး။)

စစ်ကားတွေခြံရံပြီးသတင်းလိုက်ရတာ အဆင်မပြေဘူးလို့ CNN သတင်းထောက်ကပြောထင်ပါရဲ့။ နောက်တရက် ဆယ်မိုင်ကုန်းသွားတော့ အရပ်ကား အရပ်ဝတ်တွေနဲ့ ခြံရံလိုက်သွားကြပြီး သတင်းထောက်နဲ့စကားပြောတဲ့သူတွေကို ဖမ်းတယ်။

သတင်းထောက်က ရန်ကုန်လှည့်ကြည့်ပြီး အားရတော့ နေပြည်တော်သွားပြီး ပြည်သူက ငမဲလုံး လို့ နာမည်ပေးထားတဲ့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူနဲ့ အင်တာဗျုးတယ်။

ကြားကဘာသာပြန်သူက တလွဲတွေပြန်ပြီး အမေးတခြား အဖြေတခြားတွေဖြစ်ပြီး ပြည်သူတွေ ရီပွဲဖွဲ့စရာဖြစ်တယ်။

ရန်ကုန်ကမပြန်ခင်မှာဘဲ CNN ရုံးချုပ်က သူ့ သတင်းထောက်ကို တိုက်ရိုက်မေးပြီး မြန်မာပြည်သတင်းလွှင့်တယ်။

မြန်မာပြည်မှာ မတရားအနိုင်ကျင့်ပြီး အာဏာသိမ်းထားတဲ့စစ်တပ်ကို ပြည်သူတွေက မကြိုက်ဘူး။ မကြိုက်မနှစ်သက်တဲ့အကြောင်းကို သူ့ကိုတွေ့တဲ့ပြည်သူတွေက နည်းအမျိုးမျိုးသုံးပြီးပြတယ်။

စစ်တပ်ရဲ့အကြမ်းဖက်ပစ်သတ်မှုတွေကြောင့် ထိတ်လန့်ခြောက်ခြားနေကြတယ်။ နေ့မအိပ်ရညမအိပ်ရနဲ့  အချိန်တိုင်း ထိတ်လန့်ကြောက်ရွံ့နေကြရတယ်။

သူတို့ ခက်ခက်ခဲခဲ ရယူထားရတဲ့ဒီမိုကရေစီကို ပြန်လိုချင်နေကြတယ်။ သူတို့ရွေးချယ်ထားတဲ့ ပြည်သူ့အစိုးရကို ပြန်လိုချင်နေကြတယ်။

ဘယ်လောက်ပဲ ဖိနှိပ်အကြမ်းဖက်ထားပါစေ။ စစ်တပ်လက်အောက်မကျရာက်အောင် နည်းမျိုးစုံသုံးပြီး တော်လှန်ဆန့်ကျင်ကြလိမ့်မယ်။

သူတည်းလိုတဲ့ ဟိုတယ်မှာ ပေးမတည်းဘဲ စစ်တပ်ဝင်းထဲမှာပဲ ထားတဲ့အကြောင်းလည်း သတင်းထောက်က ပြောတယ်။

သူ့တွစ်တာမှာလည်းမြန်မာလူထုခံစားနေရတာကို နားလည်စာနာတယ်။ မြန်မာလူထုနဲ့အတူ ရပ်တည်တယ်ဆိုတဲ့အကြောင်း ရေးတင်တယ်။

မီဒီယာမရှိလို့ CNN ကို ဝင်ခွင့်ပေးလိုက်ပြီး ဝါဒဖြန့်လိုက်တာ စစ်တပ်ပိုင်ကုန်တိုက် ၂ လုံးပြာကျပြီး  အဟားခံလိုက်ရတာပဲ အဖတ်တင်တယ်။ အခုတော့ ဓာတ်တိုင်မှာစာကပ်ပြီး ဝါဒဖြန့်နေရပြန်ပြီ။

ကြားက လူထုအမြတ်ထွက်သွားတာတခု ပြောရင်း နိဂုံးချုပ်ပါမယ်။ စစ်တပ်က သေနတ်အားကိုးနဲ့ ရန်ကုန်မြို့မှာ ပေါ်တာဆွဲပြီး သဲအိတ်သယ်ခိုင်းတဲ့ရုပ်သံဖိုင်ကြည့်ပြီး အခုလို မှတ်ချက်ချကြတယ်။

မြို့ပေါ်တောင် ဒီလိုတွေယုတ်မာပြနေတာ နယ်စွန်နယ်ဖျား တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က မုဒိန်းကျင့် လူသတ်ဆိုတာ ဟုတ်မှာပဲ။ ပြည်သူပြည်သူချင်း စာနာမှုတွေနဲ့ ကျောချင်းကပ်သွားကြတယ်။ ဆက်ပြီး ကျောချင်းကပ် လက်တွဲထားကြပါ။

အရေးတော်ပုံ အောင်ရမည်။

Photo Credit- CNN

သစ်နွေဦး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013