
၂၄ နာရီထုတ်လွှင့်မှုနဲ့ သတင်းရုပ်သံ တခေတ်ဆန်းစေခဲ့တဲ့ CNN ရုပ်သံသတင်းချန်နယ်ထူထောင်သူ မီဒီယာလုပ်ငန်းရှင်ကြီး တက်ဒ်တာနာဟာ အသက် ၈၇ နှစ်အရွယ် မေ ၆ ရက်မှာ ကွယ်လွန်သွား ပါတယ်။
သူဟာ ၁၉၈၀ ပြည့်နှစ်မှာ ကမ္ဘာ့ပထမဆုံး ၂၄ နာရီ သတင်းချန်နယ်ဖြစ်တဲ့ CNN ကို တည်ထောင်ခဲ့ တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က "ရုပ်သံသမိုင်းမှာ ကြီးကျယ်ခမ်းနားသူတဦးဖြစ်သလို ကျုပ်ရဲ့ မိတ်ဆွေတဦးပါ" လို့ ဂုဏ်ပြုပါတယ်။
အစပိုင်းမှာ ဝေဖန်လှောင်ပြောင်ခံခဲ့ရပေမဲ့ ၁၉၉၁ ပင်လယ်ကွေ့စစ်ပွဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ကြောင့် CNN ဟာ ကြီးမားတဲ့ အောင်မြင်မှု ရရှိခဲ့ပါတယ်။
လက်ရှိ CNN အမှုဆောင်အရာရှိချုပ် မတ်ခ်သွန်မ်ဆင်ကလည်း တာနာဟာ CNN ရဲ့ အဓိက ဦးဆောင်လမ်းပြသူဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။
တာနာဟာ CNN အပြင် TBS ရုပ်သံ၊ Cartoon Network နဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေကိုပါ ပိုင်ဆိုင်ခဲ့တာပါ။
မီဒီယာလုပ်ငန်းတွေသာမက Atlanta Braves ဘေ့စ်ဘောအသင်းကို ပိုင်ဆိုင်သလို ရွက်လှေပြိုင်ပွဲ တွေမှာလည်း ဆုရရှိခဲ့ဖူးပါတယ်။
ဒါ့အပြင် သူဟာ ကုလသမဂ္ဂကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံ လှူဒါန်းခဲ့တဲ့ အလှူရှင်ကြီးတဦးလည်း ဖြစ်ပါတယ်။
သူဟာ ဟောလိဝုဒ်မင်းသမီး ဂျိန်းဖောင်ဒါနဲ့ ၁၉၉၁ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ လက်ထပ်ခဲ့ပါတယ်။ တာနာဟာ အာရုံကြောချို့ယွင်းတဲ့ ရောဂါတမျိုးခံစားနေရတယ်လို့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ အသိပေးခဲ့ပါတယ်။
Source:Reuters










