DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် HIV ကူးစက်မှုများလာသဖြင့် ပြည့်တန်ဆာလုပ်ငန်းများကို အရေးယူရန် မေးခွန်းထုတ်
DVB
·
August 12, 2026
Photo: ကရင်ပြည်နယ်လွှတ်တော်
Photo: ကရင်ပြည်နယ်လွှတ်တော်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီမြို့က ပြည်သူတွေအကြားမှာ HIV ပိုး ကူးစက်နှုန်း များပြားလာနေတာကြောင့် အနှိပ်ခန်းနဲ့ ပြည့်တန်ဆာရုံတွေကို ပိတ်သိမ်း ဖမ်းဆီးအရေးယူပေးနိုင်ခြင်း ရှိ၊ မရှိ စစ်အာဏာရှင်ဩဇာခံ ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးမင်းထွေးက မေးခွန်းထုတ်လိုက်ပါတယ်။

ဩဂုတ် ၁၀ ရက်က ကျင်းပတဲ့ ကရင်ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အတုအယောင် ရွေးကောက်ပွဲကနေတဆင့် မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ် ၁ မှ ရွေးကောက် တင်မြှောက်ခံရသူလည်း ဖြစ်တဲ့ ဦးအေးမင်းထွေးက မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ မြဝတီမြို့မှာ ၂၀၂၆ ခုနှစ်အတွင်း HIV ပိုး ကူးစက်ခံရလို့ ပိုးထိန်းဆေး (ART) လာရောက်ထုတ်ယူသူ အယောက် ၂,၄၀၀ ကျော်ရှိပြီး တလကို ပျမ်းမျှ ၁၀ ယောက်ထက်မနည်း ရောဂါပိုးသစ် ကူးစက်ခံနေရကြောင်း၊ ဒါဟာ တရားမဝင် အနှိပ်ခန်းတွေနဲ့ ပြည့်တန်ဆာရုံတွေ ပေါများလာတာကြောင့် ဖြစ်နိုင်ပြီး HIV ကူးစက်မှု လျှော့ချနိုင်ရေးအတွက် တရားမဝင် အနှိပ်ခန်းတွေနဲ့ ပြည့်တန်ဆာလုပ်ငန်းတွေကို အမြစ်ပြတ် ဖမ်းဆီးနိုင်မဲ့ အခြေအနေနဲ့ အကောင်အထည်ဖော်မဲ့ အချိန်ကို ဦးအေးမင်းထွေးက မေးမြန်းခဲ့ပါတယ်။

ဒီမေးမြန်းချက်နဲ့ ပတ်သက်ပြီး စစ်အာဏာရှင်ခန့် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိုးမိုးဝင်းက မြဝတီမြို့မှာ တရားဝင်ဖွင့်လှစ်ထားတဲ့ KTV ဆိုင် ၁၆ ဆိုင်ရှိပြီး အဆိုပါဆိုင်တွေကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့နဲ့ အပတ်စဉ် လိုက်လံစစ်ဆေးခဲ့သလို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ အခုအချိန်အထိ ၂၅ ကြိမ်ခန့် စစ်ဆေးခဲ့ပြီး ဥပဒေနဲ့ မညီတာ မတွေ့ရှိရလို့ ဖမ်းဆီးအရေးယူထားတာ မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြည့်တန်ဆာလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ပူးပေါင်းအဖွဲ့တွေနဲ့ ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ရေးဖို့ အသေးစိတ် အစီအမံတွေ ရေးဆွဲဆောင်ရွက်နေပြီး သတင်းအတိအကျ ရရှိပါက ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

မြဝတီမြို့မှာ ပြည့်တန်ဆာလုပ်ငန်းတွေ ကင်းရှင်းပပျောက်စေဖို့ ဖော်ထုတ်ဖမ်းဆီး အရေးယူ ဆောင်ရွက်တာတွေကို မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းကာ ထိထိရောက်ရောက် ဆောင်ရွက်သွားမဲ့အပြင် အသိပညာပေးလုပ်ငန်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမယ်လို့  ဗိုလ်မှူးကြီး စိုးမိုးဝင်းက ပြောပါတယ်။

HIV/AIDS ကူးစက်မှုနှုန်း များပြားနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးလည်း မြဝတီခရိုင် ကျန်းမာရေးနဲ့ ကုသရေး ဦးစီးဌာနရဲ့ စာရင်းအရ မြဝတီမြို့မှာ HIV/AIDS ဖြစ်လို့ ဆေးပေးကုသမှု ခံယူနေသူတွေဟာ  ၂၀၂၄ ခုနှစ်မှာ ၁,၆၈၈ ယောက်၊ ၂၀၂၅ ခုနှစ်မှာ ၂,၀၅၅ ယောက်နဲ့ ၂၀၂၆ ခုနှစ်မှာ  ၂,၄၁၉ ယောက် ရှိတယ်လို့လည်း ပြောသွားပါတယ်။

ဖိုးစီ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013