
စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ မကြာခင်မှာ ဗီဒီယိုကွန်ဖရင့်ကတဆင့် တွေ့ဆုံဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက သဘောတူလိုက်ပြီလို့ အာဆီယံ အတွင်းရေးမှူးချုပ်က မေ ၇ ရက်မှာ ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပနေတဲ့ ၄၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး အတွင်းမှာ အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ကာအိုကင်ဟောင်က ခုလိုပြောလိုက်တာပါ။
ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံဟာ အဖွဲ့ဝင် ၁၁ နိုင်ငံ ပါဝင်တဲ့ အာဆီယံနဲ့ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ချင်တယ်လို့ အရိပ်အယောင်ပြလာကြောင်း၊ ဒါပေမဲ့ အိမ်နီးချင်းနိုင်ငံတွေကတော့ တိုက်ပွဲတွေ လျှော့ချရေး၊ တွေ့ဆုံဆွေးနွေးရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးခွင့်ရရေးတို့မှာ တိုးတက်မှုတွေကို မြင်ချင်နေကြတယ်လို့ ဒေါက်တာ ကာအိုကင်ဟောင်က ရိုက်တာကို ပြောပါတယ်။
“ဒီနေ့မှာတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ ထိတွေ့ဆက်ဆံဖို့ သဘောတူလိုက်ပြီဆိုတာ ရှင်းပါတယ်။ မကြာခင်မှာပဲ ဗီဒီယို ကွန်ဖရင့်ကတဆင့် အစည်းအဝေးတခု ပြုလုပ်သွားမှာပါ။”
ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ကို အချိန်တနှစ်ထက်ပိုတဲ့ သက်တမ်းနဲ့ ခန့်အပ်နိုင်ခြေ ရှိမရှိကိုလည်း ဆွေးနွေးနေဆဲဖြစ်ပြီး ဖြေရှင်းရမဲ့ ခက်ခဲတဲ့ ပြဿနာတချို့ ရှိနေသေးတယ်လို့ ကာအိုကင်ဟောင်က ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြမှုတွေကို အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ်ခဲ့ပြီး အာဆီယံ ဘုံသဘောတူညီချက်ကို လိုက်နာဖို့ ပျက်ကွက်နေတဲ့ မြန်မာစစ်အာဏာရှင် ခေါင်းဆောင်ပိုင်းကို အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတွေအတွင်း လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် အရပ်သားပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ လုပ်ဆောင်တယ်လို့ စစ်တပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲမှုတွေ ရှိနေပေမဲ့ စစ်တပ်ဘက်ကတော့ ဒါကို ငြင်းဆိုထားပါတယ်။
အတိုက်အခံတွေ မပါဝင်နိုင်တဲ့ ရွေးကောက်ပွဲမှာ စစ်တပ်ပါတီက အပြတ်အသတ် အနိုင်ရပြီးနောက် စစ်အာဏာရှင်အစိုးရသစ်ဟာ ပြီးခဲ့တဲ့လက မြန်မာနိုင်ငံမှာ အာဏာကို ဆက်လက် ချုပ်ကိုင်ထားပါတယ်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း အခုအခါမှာ သမ္မတအမည် ခံယူခဲ့ပေမဲ့ အာဆီယံအနေနဲ့ ဒီရွေးကောက်ပွဲကို အသိအမှတ်မပြုသေးသလို သူ့ကို ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့်လည်း မပေးသေးပါဘူး။
အခုလို စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးဖို့ ဆုံးဖြတ်ချက်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့ အာဆီယံအတွင်း သဘောထား စုစည်းနိုင်ဖို့ အတွက် အကြံပြုချက် တင်ပြမယ်လို့ ပြီးခဲ့တဲ့ မေ ၅ ရက်က ပြောကြားခဲ့ပြီးနောက်မှာ ခုလိုထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာစစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ ဒေသတွင်း နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံဖို့ ဖိတ်ခေါ်သွားမယ်လို့ မေ ၅ ရက်မှာ ပြောထားပါတယ်။
လက်ရှိကျင်းပနေတဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးပွဲနဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွေမှာတော့ စစ်အာဏာရှင်ခန့် နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း တက်ရောက်နေပါတယ်။










