
အရှေ့အလယ်ပိုင်းစစ်ပွဲကာလမှာ ဆော်ဒီအာရေဗျနိုင်ငံက အီရန်နိုင်ငံပေါ်ကို လူသိရှင်ကြား မထုတ်ပြန်တဲ့ လက်တုံ့ပြန်တိုက်ခိုက်မှု အများအပြား လုပ်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
ဒီအကြောင်းကိုသိရှိထားတဲ့ အနောက်တိုင်းက တာဝန်ရှိသူ ၂ ယောက်နဲ့ အီရန်တာဝန်ရှိသူ ၂ ယောက်ကို ကိုးကားပြီးတော့ ဒီသတင်းကို ဖွင့်ချခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ဆော်ဒီအာရေဗျက အီရန်မြေပေါ်မှာ ပထမဆုံးအကြိမ် တိုက်ရိုက် စစ်ရေးလှုပ်ရှားမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးနောက် ပဋိပက္ခတွေ ပိုကျယ်ပြန့်လာတာပါ။
အဲဒီနောက် အီရန်က ပင်လယ်ကွေ့ ၆ နိုင်ငံစလုံးမှာရှိတဲ့ စစ်ရေးနဲ့ အရပ်ဘက် ပစ်မှတ်တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
မတ်လကုန်ပိုင်းမှာ ဆော်ဒီလေတပ်က အီရန်ကို လက်တုံ့ပြန် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုလျှော့ချဖို့ သံတမန်ရေးအရ ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးမှုတွေကြောင့် ဆော်ဒီနဲ့ အီရန်ကြား အလွတ်သဘော သဘောတူညီချက်တရပ် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီသဘောတူညီချက်ဟာ ဧပြီ ၇ ရက်မှာ အမေရိကန်နဲ့ အီရန် အပစ်အခတ်ရပ်စဲမှု မတိုင်ခင်လေးမှာပဲ စတင်အသက်ဝင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ယူအေအီးနိုင်ငံကလည်း အီရန်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့တယ်လို့ မေ ၁၁ ရက်မှာ ဝေါစထရိဂျာနယ်က ဖော်ပြပါတယ်။
Source: Reuters










