အမေရိကန်ဒု-သမ္မတ ဂျေဒီဗန့်စ်က အီရန်အပေါ် စစ်ရေးအရ ဆက်လက်ဖိအားပေးတာမျိုး အပါအဝင် ရွေးချယ်စရာ နည်းလမ်းမှန်သမျှ ရှိနေဆဲဖြစ်တယ်လို့ စက်တင်ဘာ ၃ ရက်မှာ သတင်းထောက်တွေကို ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားထဲမှာ အီရန်ဘက်က ကုန်သင်္ဘောတွေအပေါ် တိုက်ခိုက်နေတာကို မရပ်မချင်း ဆွေးနွေးပွဲတွေ ရှိလာမှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဗန့်စ်က “ဘယ်တော့ စစ်ပွဲပြီးမှာလဲလို့ ခင်ဗျားတို့ မေးလာခဲ့ရင် သင်္ဘောတွေအပေါ် အီရန်ပစ်ခတ်နေတာတွေ ဘယ်တော့ရပ်မှာလဲဆိုတဲ့ မေးခွန်းမျိုးနဲ့ အတူတူပါပဲ”လို့ သတင်းစာရှင်းလင်းပွဲမှာ ဖြည့်စွက်ပြောပါတယ်။
ဒါ့အပြင် အမေရိကန်ရဲ့ နောက်ဆုံးတိုက်ခိုက်မှုအတွင်း ဆီရစ်ခ်မြို့မှာရှိတဲ့ မင်္ဂလာဆောင်တခု ထိမှန်ခဲ့ပြီးနောက် သေဆုံးသူဦးရေဟာ ၅ ယောက်အထိ မြင့်တက်လာပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဗန့်စ်က “ဒါကို အလေးထားတဲ့အလျောက် စုံစမ်းစစ်ဆေးနေပါတယ်။ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ကျနော်တို့လည်း သိချင်ပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
ဒါကြောင့်ပဲ အီရန်ဘက်က လက်တုံ့ပြန်မှုအဖြစ် ကူဝိတ်နဲ့ ယူအေအီးမှာရှိနေတဲ့ အမေရိကန် စစ်စခန်းတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။
လက်ရှိ စစ်ပွဲစတင်ချိန်ကနေ သြဂုတ်လပိုင်းအထိ အီရန်အတွက် သေဆုံးသူ ထောင်ပေါင်းများစွာ ရှိခဲ့ပေမဲ့လည်း အမေရိကန်ဘက်ခြမ်းမှာတော့ စစ်မှုထမ်း ၁၈ ယောက် သေဆုံးကာ နောက်ထပ် အယောက် ၇၅၀ လောက်ကို ဒဏ်ရာရစေခဲ့ပါတယ်။
တဆက်တည်းမှာ ဗန့်စ်က စစ်ပွဲရဲ့ အကျိုးဆက်တွေကို လျှော့ပေါ့ပြောဆိုတဲ့အနေနဲ့ “စစ်ပွဲလို့တော့ မခေါ်ချင်ပါဘူး။ လောလောဆယ် အပြန်အလှန် ပစ်ခတ်နေတာမျိုးလည်း မရှိပါဘူး” ဆိုပြီး ပြောပါတယ်။
အခုလိုမျိုး အီရန်ကို တရားဝင် စစ်ကြေညာထားခြင်း မရှိတဲ့အတွက် ကျဆုံးသွားတဲ့ အမေရိကန်လေတပ်ဗိုလ်မှူး ဂျွန်အဲလက်စ် ကလင်နာရဲ့ ဇနီးသည်က ရသင့်တဲ့ အကျိုးခံစားခွင့်အတိုင်း ထုတ်မပေးဘဲ ထိန်းထားကြောင်း အသိပေးပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ အီရန်အစိုးရကို မကြာခင် ပြိုလဲသွားနိုင်တယ်လို့ ယုံကြည်ထားတဲ့အပြင် သူတို့ ပိုပြီး အားနည်းလာတယ်လို့ပါ ဆိုပါတယ်။
“ဒီခြိမ်းခြောက်မှုကို တကြိမ်တည်းနဲ့ အပြီးတိုင် ဖယ်ရှားပစ်နိုင်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါဟာ ရှေ့ဆက်လုပ်ဆောင်ရမဲ့ အဓိကတာဝန်ဖြစ်ပေမဲ့လည်း အောင်မြင်ဖို့ရာ နီးစပ်နေပါပြီ။ မဖြစ်နိုင်တဲ့အရာ မဟုတ်ပါဘူး။ ကျနော်တို့ လက်တကမ်းမှာ ရှိနေပါတယ်” ဆိုပြီး နေတန်ယာဟုက မှတ်ချက်ပြုပါတယ်။











