DVB Logo
Home
မြန်မာသတင်း
မုံရွာသပိတ်မှ ပြည်သူ ၃ ဦးယနေ့ ထပ်မံကျဆုံး၊ ၂ လကျော်အတွင်း နိုင်ငံတဝန်း ကျဆုံးသူပေါင်း ၅၅၇ ဦးရှိလာ
DVB
·
April 4, 2021
မုံရွာသပိတ်မှ ပြည်သူ ၃ ဦးယနေ့ ထပ်မံကျဆုံး၊ ၂ လကျော်အတွင်း နိုင်ငံတဝန်း ကျဆုံးသူပေါင်း  ၅၅၇ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ လကျော်အကြာ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်း ဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၅၅၇ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဧပြီ ၃ ရက်နေ့မှာတော့ မနက်ပိုင်းကတည်းက စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ ပင်မသ ပိတ်စစ်ကြောင်းကို ညှပ်ပိတ်ဖြိုခွင်းခဲ့ကြပြီး Defense Team မှ အမျိုးသား ၁ ယောက်အ ပါအဝင် အရပ်သားပြည်သူ ၃ ယောက် ကျဆုံးခဲ့တယ်လို့ အေအေပီပီက ဆိုပါတယ်။

မုံရွာမြို့တွင်းအကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်မှုကြောင့်  ဧပြီ ၃ ရက်ည ၇ နာရီခွဲလောက်အထိ အတည်ပြုနိုင်တဲ့ ကျဆုံးသူ  ၃ ဦး ၊  ပြင်းထန်ဒဏ်ရာရသူ ၁ ဦးနဲ့ အပေါ်ယံဒဏ်ရာရသူ ၅ ဦးလောက်ရှိတယ်လို့ Medical Team ထံမှ ဒီဗွီဘီက စုံစမ်းသိရပြီး တခြားနေရာတွေမှာ ကုသနေတဲ့ ဒဏ်ရာရ လူနာတွေလည်း ရှိနိုင်တဲ့အတွက် ထိခိုက်သေဆုံး ဒဏ်ရာရသူ စာရင်း အတိအကျကိုတော့ မသိရသေးပါဘူး။

မွန်ပြည်နယ် သထုံမြို့ ပေါ်တော်မူသပိတ်စစ်ကြောင်းဟာလည်း အကြမ်းဖက် ဖြို ခွင်းခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိထားတဲ့ အမျိုးသမီး ၁ ယောက်၊ အမျိုးသား ၁ ယောက်တို့ အပါအဝင် အရပ်သားပြည်သူအယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ရင်ဘတ်မှာ ဒဏ်ရာရရှိထားတဲ့ အမျိုးသားကို ရဲနဲ့ စစ်သားတွေက ချက်ချင်း ကား ပေါ်ဆွဲတင် ခေါ်သွားကြပြီး ဝမ်းဗိုက်မှာ ဒဏ်ရာရရှိထားတဲ့ အမျိုးသမီးကိုတော့ ပြည်သူ တွေက ဆေးရုံပို့ဆောင်ချိန်မှာ စစ်တပ်က လိုက်လံလုယူသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်း မန္တလေးမြို့ အမရပူရမြို့နယ်သပိတ်စစ်ကြောင်းနဲ့ ဆိုင် ကယ်သပိတ်တွေဟာလည်း အကြမ်းဖက်ဖြိုခွင်းခံခဲ့ရကာ အရပ်သားပြည်သူ ၄ ယောက် ဖမ်းဆီးခံထားရတယ်လို့ အေအေပီပီက ဆိုပါတယ်။

ပဲခူးတိုင်း ပဲခူးမြို့မှာတော့ ဆံတော်တွင်းဘုန်းတော်ကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်က အနီးက ဖြတ်သန်းသွားတဲ့ လူငယ် ၁ ယောက်ကို ပစ်ခတ်ခဲ့တဲ့အတွက် ဝမ်းဗိုက်ကို ကျည်ထိမှန်ကျဆုံးသွားခဲ့ကြောင်းလည်း သိရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာစသိမ်းကတည်းက ခုချိန်အထိ စစ်တပ်နဲ့ ရဲတွေရဲ့ အကြမ်း ဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူပေါင်း ၅၅၇ ယောက်ထိ ရှိပြီး ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဧပြီ ၃ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ကာ အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ လက်ရှိအချိန်ထိ ၂၆၅၈ ယောက် ရှိနေပြီး အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရကာ  အမှုဖွင့်ခံထားရ ပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၂၃၅ ယောက်နဲ့ ခုရက်ပိုင်းတွေ အတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။    

အာဏာသိမ်းပြီးကတည်းက အကြမ်းဖက်စစ်အုပ်စုဟာ ရက်စက်မှုမျိုးစုံကို ကျူး လွန်နေကြပြီး အခုရက်ပိုင်းအတွင်းမှာတော့ လူသားချင်းစာနာမှုမရှိတဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို တပြိုင်တည်းကျူးလွန်လာနေတာကို တွေ့ရှိရတယ်လို့ အေအေပီပီ က ဆိုပါတယ်။

လူ့ဂုဏ်သိက္ခာကို လေးစားလိုက်နာမှုမရှိဘဲ ရိုက်နှက် ဖမ်းဆီးတာ၊ ဒဏ်ရာရရှိသူ ကို ဆေးကုသခွင့်မပေးဘဲ ဖမ်းဆီး ခေါ်ဆောင်သွားတာ၊ ကျဆုံးသူကို ဆွဲခေါ်သွားပြီး အ လောင်းဖျောက်ဖျက်ပစ်တာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ အရေးပေါ် လူနာတင်ယာဉ်၊ ပရဟိတ ယာဉ်တွေပါမကျန် ရှာဖွေ စစ်ဆေးတာ၊ ပစ်ခတ်တာ၊ ဆေးရုံ ဆေးပေးခန်းများပါမချန် ဝင်ရောက်စီးနင်းတာတွေကို နေ့စဉ်ရက်ဆက် ကျူးလွန်နေကြတာပါ။ ဒါ့အပြင် တိုင်းရင်း သားဒေသတွေကိုပါ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် ဒေသခံ ဌာနေတိုင်းရင်းသား တွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပြီး သေဆုံး၊ ဒဏ်ရာရရှိမှုတွေလည်း မြင့်တက် လာခဲ့ပြီဖြစ်ပါတယ်။  အကြမ်းဖက်စစ်အုပ်စုကို ထိရောက်စွာ အရေးယူမှု မပြုမလုပ်မချင်း ပြည်သူတွေဟာ နေ့စဉ် ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်နေကြရဦး မှာပဲ ဖြစ်တယ်လို့ အေအေပီပီက ဆိုပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Photo - Credit- AAPP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013