Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေဖြင့် အမှုထပ်ဖွင့်
DVB
·
April 2, 2021
166792114_1169447810163394_7924108727037765788_n

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို  ထောင်ဒဏ် ၁၄ နှစ်အထိချမှတ်နိုင်တဲ့ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မနဲ့  အာဏာသိမ်းစစ်ကောင်စီ အကြမ်းဖက်အဖွဲ့က  အမှုထပ်ဖွင့်လိုက်ကြောင်း ရှေ့နေအဖွဲ့ကနေသိရပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ တခြားဖမ်းဆီးခံထားရတဲ့ ပြည်ထောင်စု ဝန်ကြီး ၃ ဦးအပြင် စီးပွားရေးအကြံပေး သြစတြေးလျလူမျိုး ရှောင်တာနာတို့ကို ရန်ကုန်မြို့၊ အနောက်ပိုင်းခရိုင်တရားရုံးမှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ)နဲ့ ထပ်မံ အမှုဖွင့်ထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကတည်းက ရာဇသတ်ကြီးပုဒ်မ  ၅၀၅ (ခ)၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ဥပဒေတွေနဲ့ နေပြည်တော်မှာ တရားစွဲထားပြီး အခု အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ အမှုထပ်ဖွင့်လိုက်တဲ့အတွက် အခုချိန်ထိ အမှု ပေါင်း  (၅)ခုနဲ့ ရှိနေတဲ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့လည်း ထပ်မံအရေးယူဖို့ အာဏာသိမ်းစစ်ကောင်စီကကြိုးပမ်းနေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို video conferencing စနစ်နဲ့ ခဏတွေ့ဆုံခွင့်ရခဲ့တဲ့ ရှေ့နေ ဒေါ်မင်းမင်းစိုးကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကျန်းကျန်းမာမာနဲ့ တွေ့မြင်ရပြီး နောက်ထပ်ရုံးချိန်းကို ဧပြီ၁၂ရက် ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024