
မြန်မာ - တရုတ် နယ်စပ် တလျှောက် တရုတ်နိုင်ငံဘက်က မတ်လ ကုန်ပိုင်းကစပြီး လုံခြုံရေးတိုးမြှင့် ချထားတယ်လို့ နယ်စပ် ဒေသခံတွေထံက သိရပါတယ်။
"Video ဖိုင်က တရုတ်ပြည်က ပြည်သူ့စစ်တွေပါ။ သူတို့ နယ်စပ်လုံခြုံရေး တိုးချတဲ့ သဘောပါ။ မြန်မာပြည်ဘက် လာတယ်ဆိုတာ မဟုတ်ပါဘူး။ တရုတ်ပြည်ထဲမှာပါ။ လုံတောင်း ၊ မန်ဟီးရိုးဘက်။ Video ကလွန်ခဲ့တဲ့ နှစ်ရက်က တင်ထားတာ။ မနေ့ကမှ မဟုတ်ဘူး ။" လို့ ကျယ်ဂေါင်၊ ရွှေလီ ရောက် မြန်မာ ရွှေ့ပြောင်း လုပ်သား တစ်ဦးက ပြောပါတယ်။
နှစ်နိုင်ငံနယ်စပ်ရှိ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့မှာ မတ် ၂၉ ရက် မနက်ပိုင်းက ကျောက်စိမ်းကျောက်ဝိုင်းအားလုံးပိတ်ခဲ့ပြီး တရုတ်ရဲတွေက မြန်မာနိုင်ငံသားတွေကို လူစုလူဝေးမလုပ်ရန် ပြောပြီး လမ်းပေါ် သွားလာသူတွေရဲ့ ဖုန်းတွေ စစ်ဆေးခဲ့ပါတယ်။
ကျယ်ဂေါင်ကျောက်ဝိုင်းမှ ကျောက်ခုံပိုင်ရှင် တစ်ဦးက “ဒီဘက်ကတော့ အခြေအနေ အေးဆေးတယ်။ ဒါပေမဲ့ မြန်မာတွေတော့လူစုလူဝေး မသွားလာရဘူး။ ဖုန်းတွေစစ်တယ်။ တော်လှန်ရေးဘာညာတင်တာတွေ့ရင်ဖမ်းပြီး မြန်မာပြည် ပြန်ပို့တာ”။
လိုင်ဇာကနေ တရုတ် နယ်စပ် တလျှောက် တရုတ်တပ်တွေ လုံခြုံရေး တိုးချထားတယ်လို့ လည်း မူဆယ် နယ်စပ် ဒေသခံတွေကပြောပါတယ်။
မူဆယ်မြို့ပေါ်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ၊ မူဆယ်မြို့တွင်း KIA က ဝင်ရောက်လာမယ် ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် ဖြစ်မယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့နှစ် အနည်းငယ်က မုံးကိုး၊ မူဆယ်၊ ၁၀၅ မိုင် ပြည်တွင်း တကျော့ပြန် စစ် ဖြစ်ခဲ့ချိန်မှာလည်း တရုတ်နိုင်ငံဘက်ခြမ်း အခုကဲ့သို့ လုံခြုံရေးတိုးမြှင့်ချထားပြီး မြန်မာ တရုတ်နယ်စပ်တလျှောက် စစ်ရေးပြတာတွေလည်း ရှိခဲ့ဖူးပါတယ်။
Photo Crd# Fb