DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျှောက်  လုံခြုံရေး တိုးမြှင့်
DVB
·
January 15, 2025
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတလျှောက်  လုံခြုံရေး တိုးမြှင့်
Donate to DVB

စစ်ကောင်စီတပ်က အရာရှိတွေနဲ့ Non CDM ဝန်ထမ်းတွေ ဖမ်းဆီးခံရပြီးနောက် ရန်ကုန်-မန္တလေး အမြန်လမ်းကို ဇန်နဝါရီ ၁၄ ရက်မှာ စစ်တပ်က အင်အားတိုးမြှင့်ချထားတယ်လို့ ခရီးသွားလာသူတွေဆီက သိရပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်း နတ်မောက်-ပျော်ဘွယ် မိုင်တိုင်အမှတ် ၂၆၂ မှာ ဒီမနက်က စစ် ကောင်စီတပ်က ရဲတွေ အင်အားတိုးမြှင့်ချထားတာလို့  ခရီးသွားယာဥ်မောင်းတယောက်က  ​ပြောပါတယ်။

“ဒီနေ့ ၂၆၂ မိုင်မှာ စစ်တယ်။ ရဲက များတယ်။ စစ်သားက အနည်းအကျဥ်းပဲ။ ကိုယ်ပိုင်ကားတွေဆို လူတွေကို ဆင်းခိုင်းပြီး ကားနောက်ဖုံးတွေပါ လှန်ပြီးစစ်တာ။ ခရီးဆောင်အိတ်တွေ ဖွင့်ပြီး စစ်တယ်၊ ဖုန်းတွေ စစ်တယ်။”

ရန်ကုန်-မန္တလေး အမြန်လမ်း မိတ္တီလာနဲ့ နွားထိုးကြီးမြို့နယ်အစပ် မိုင်တိုင်အမှတ် ၃၁၉ /၆ မှာ လည်း အမြန်လမ်းက ရဲအင်အားတိုးမြှင့်ထားပြီး စစ်ဆေးနေတယ်လို့ မိတ္တီလာမြို့ခံက ပြောပါတယ်။

“သူတို့က ကားတွေနဲ့လျှောက်ပတ်နေတာ ၃၁၉ မိုင်မှာ စစ်တယ်။ ခဏပဲ တံတားပေါ်မှာ လူအင်အားနဲ့ ဓာတ်ပုံရိုက်ပြီးရင် တခြားနေရာဆက်သွားတာ။”

ဒီလိုစစ်ဆေးတာဟာ စစ်ကောင်စီတပ်က အရာရှိလင်မယား၊ ဌာနဆိုင်ရာဝန်ထမ်း ၅ ယောက် ဖမ်းဆီးခံရတာကြောင့် ဖြစ်တယ်လို့ အမြန်လမ်းရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

“ဌာနဆိုင်ရာဝန်ထမ်း အဖမ်းခံရတဲ့သတင်းက လူကြီးတွေနားပေါက်သွားလို့ စစ်တာ။ လုံခြုံရေးအရ အခုလို စစ်တာကောင်းတယ်။ ဒါပေမဲ့ လုံခြုံရေးကို အကြောင်းပြုပြီး ငွေတောင်းတာတို့၊ ဖမ်းဆီးပြီး ငွေညှစ်မှာ စိုးရိမ်တာ။”

ရန်ကုန်-မန္တလေး အမြန်လမ်းအနီး နတ်မောက်-ပျော်ဘွယ်လမ်းပေါ်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နဲ့ ၃၁ ရက်အတွင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးနဲ့ ဇနီး၊ ဗိုလ်ကြီးတယောက်ရဲ့ ဇနီး၊ အခြားအဆင့် ၂ ယောက်နဲ့ ပျူစောထီးတယောက်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း မိုင်တိုင်အမှတ် ၂၆၂ မှာပဲ စစ်ကောင်စီလက်အောက်ခံ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတယောက်ကို PDF တွေက ဖမ်းဆီးရမိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013