
အစ္စလာမ္မစ်နိုင်ငံတော် အမည်ခံ IS စစ်သွေးကြွ အဆင့်နိမ့်အဖွဲ့ဝင်တွေလို့ သံသယရှိသူ အယောက် ၂၀၀ လောက် အခုသီတင်းပတ်ထဲမှာ ဆီးရီးယားနိုင်ငံထဲက ရှဒ်ဒါဒီထောင်ကနေ ထွက်ပြေး လွတ်မြောက်သွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးတဲ့နောက် အီရတ်နိုင်ငံဟာ ဆီးရီးယားနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးကို တင်းကျပ်ထားပါတယ်။
IS စစ်သွေးကြွတွေ ပြန်လည်နိုးထလာမှုအန္တရာယ်ကို တန်ပြန်ဖို့ ထောက်လှမ်းရေးနဲ့ စစ်ရေး အစီအမံတွေကို တိုးမြှင့်ထားပါတယ်။
ဆီးရီးယားနိုင်ငံအတွင်း ထိန်းချုပ်မှု အမြန်ပြောင်းလဲလာပြီးတဲ့နောက် ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက ကာ့ဒ် ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်ဖွဲ့တွေ အရင်က စောင့်ကြပ်ခဲ့တဲ့ အကျဉ်းထောင်တွေကို သိမ်းပိုက်ပြီး IS တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာကို ထိန်းသိမ်းထားပါတယ်။
ဆီးရီးယားအစိုးရတပ်ဖွဲ့တွေက ထွက်ပြေးလွတ်မြောက်သွားတဲ့ သံသယရှိသူများစွာကို ပြန်ဖမ်းနိုင်တယ်လို့ ပြောခဲ့ပေမဲ့ အီရတ်အရာရှိတွေကတော့ ဒီဖြစ်ရပ်ဟာ နယ်စပ်တလျှောက် မတည်ငြိမ်မှုကြောင့် ဆက်ရှိနေတဲ့ အန္တရာယ်ကို ပေါ်လွင်စေတယ်လို့ ပြောပါတယ်။
အီရတ်-ဆီးရီးယား နယ်စပ်မှာ စစ်ဘက်ယာဉ်တွေကို တန်းစီထားပြီး အီရတ်အလံတွေကို လွှင့်ထူထားရင်း လက်နက်တွေကို အသင့်ပြင်ထားပါတယ်။ ဒီနေရာဟာ နှစ်ပေါင်းများစွာအတွင်း အတင်းကျပ်ဆုံးအဆင့်မှာ ရှိနေတယ်လို့ နယ်စပ်တပ်ဖွဲ့တွေက ပြောပါတယ်။
အီရတ်နယ်ခြားစောင့်တပ်ရဲ့ ဆဋ္ဌမဒေသကွပ်ကဲမှုဌာနမှူး ဗိုလ်ချုပ်ကြီး အလီရာရှစ်က “ကျနော်တို့ဟာ နယ်စပ်မှာ အတားအဆီးအလွှာ ၅ လွှာကို တည်ဆောက်ထားပါတယ်။ မြေကြီးတမံတွေ၊ ပြီးရင် မြောင်းတွေ၊ သံဆူးတွေနဲ့ ကာရံထားတဲ့ အတားအဆီးတွေ၊ BRC ခြံစည်းရိုးနဲ့ နောက်ဆုံးမှာ ကွန်ကရစ်နံရံတွေပါ။ ဒါတွေက အဆင့်မြင့်ကာကွယ်ရေးစနစ်တွေပါ” လို့ ပြောပါတယ်။
အီရတ်-ဆီးရီးယား နယ်စပ်ဟာ ဒီလို အတားအဆီးတွေကို တခါမှ မမြင်ဖူးပါဘူး။ အားလုံးကို အီလက်ထရွန်းနစ် စောင့်ကြည့်ရေးစနစ်နဲ့ ပံ့ပိုးပေးထားပြီး ဧရိယာတခုလုံးကို အပူအာရုံခံ ကင်မရာတွေနဲ့ ဖုံးအုပ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရှေ့တန်းတလျှောက်မှာ ခြိမ်းခြောက်မှုက သူတို့ရဲ့ ဆုံးဖြတ်ချက်ကို ခိုင်မာစေတယ်လို့ အီရတ် နယ်စပ်တပ်ဖွဲ့တွေက ပြောပါတယ်။
နယ်စပ်က လုံခြုံနေဆဲဖြစ်ကြောင်း ပြည်သူတွေကို အာမခံချက်ပေးဖို့ ၂၄ နာရီလုံးလုံး ဆောင်ရွက်နေပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်ပြည်ထောင်စုဟာ ဆီးရီးယားနိုင်ငံထဲက အကျဉ်းထောင်တွေကနေ IS ထောင်သားတွေကို အီရတ်ဆီရွှေ့ဖို့ စလုပ်နေပြီး လာမဲ့ရက်တွေမှာ IS ထိန်းသိမ်းရေး စခန်းတွေထဲက လူ ၇,၀၀၀ အထိ ရွှေ့ပြောင်းဖို့ စီစဉ်ထားပါတယ်။
အီရတ်နိုင်ငံက သူ့ရဲ့ တရားဥပဒေစနစ်အရ ထောင်သားတွေကို တရားစွဲဆိုဖို့ ပြင်ဆင်နေချိန်မှာ နောက်ထပ် အကျဉ်းထောင်ဖောက်ထွက်မှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ပြီး ထောင်သားတွေကို ရွှေ့တာလို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။
ဒေသတွင်း လုံခြုံရေးအန္တရာယ် ရှိနေတာကြောင့် အီရတ်နယ်စပ်တပ်ဖွဲ့တွေဟာ ရှေ့လတွေမှာ အထူးသတိထားနေရဦးမယ်လို့ မျှော်လင့်ရပါတယ်။
Source: Reuters











