DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် CRPH ထုတ်ပြန်
DVB
·
March 31, 2021
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်း၊ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် CRPH ထုတ်ပြန်
Donate to DVB

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးသတ် ဖျက်သိမ်းကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ မတ်လ ၃၁ ရက်နေ့စွဲနဲ့  ကြေညာလိုက်ပါတယ်။

ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ ခိုင်မာတဲ့ လိုလားတောင့်တချက်ဟာ  တရားမျှတမှု၊ တန်းတူညီမျှမှု၊ လွတ်လပ်မှု တည်းဟူသော လောကပါလတရားတို့ကို အခြေခံတဲ့ ဒီမိုကရေစီရေး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အပြည့်အဝအာမခံချက် ပေးနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ပေါက်လာရေး ဖြစ်တယ်လို့ CRPH ကဆိုပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်အာဏာရှင်ဝါဒ သက်ဆိုးရှည်စေဖို့  ရည်ရွယ်ရေးသား ထားရုံမျှမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် အဟန့်အတားပြုနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခုဖြစ်တယ်၊ အကြမ်းဖက်စစ်ကောင်စီဟာ  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁  ရက်နေ့မှာ  ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို  ချိုးဖောက်ပြီး နိုင်ငံတော်အာဏာကို အဓမ္မသိမ်းယူခဲ့တာကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပျက်ပြယ်ခဲ့ပြီး ဖြစ်တယ်လို့ CRPH ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြီးသတ်ဖျက်သိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး၊ ပြည်သူ့အစိုးရ ပေါ်ထွန်းရေး ရည်ရွယ်ချက်တွေနဲ့ ဖက်ဒရယ်ဒီမို ကရေစီအင်အားစုတွေ စုပေါင်းဆွေးနွေးဆုံးဖြတ်ပြီး အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာလည်း  မြန်မာနိုင်ငံမှာ  ပေါ်ပေါက်ခဲ့ပြီ ဖြစ်တယ်၊ ဒါကြောင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်မှာ  အပြီးသတ် ဖျက်သိမ်းကြောင်း CRPH ကြေညာလိုက်ပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် Federal Democracy Charter  ကိုလည်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒီကနေ့ မတ်လ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ပြည်ထောင်စုအတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ၊  အရင်းခံပြဿနာတွေကို အပြီးသတ်ချုပ်ငြိမ်းစေဖို့၊ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်လက်တွဲနိုင်ဖို့၊ ဒီမိုကရေစီစနစ်ကို ကျင့်သုံးပြီး တန်းတူရေးနဲ့  ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ဖို့ ၊ ပြည်ထောင်စုရဲ့ လူမျိုးတွေအားလုံး၊ နိုင်ငံသားများအားလုံး လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းတို့ကို အခြေခံကာ အပြန်အလှန်အသိအမှတ်ပြုလေးစားမှု ချစ်ကြည်ရိုင်းပင်းမှု၊ သွေးစည်းညီညွတ်မှုတို့နဲ့  ငြိမ်းချမ်းစွာ အေးအတူ ပူအမျှ အတူတကွယှဉ်တွဲနေထိုင်နိုင်ဖို့  ခိုင်မာတဲ့ သန္နိဋ္ဌာန်ချမှတ်ပြီး အခုလို   ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ထုတ်ပြန်ကြေညာလိုက်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ခေတ္တ ဒုတိယသမ္မတမန်းဝင်းခိုင်သန်း ဦးဆောင်တဲ့ ခေတ္တ ပြည်ထောင်စုဝန်ကြီးတွေ ပါဝင်တဲ့ ပြည်သူ့အစိုးရအဖွဲ့ဟာ  အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် မဖွဲ့စည်းမီ ကာလမှာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးတာဝန်တွေကို  ဆက်လက် ထမ်းဆောင်သွားမယ်လို့လည်း CRPH က သီးခြားထုတ်ပြန်ထားပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့ အာဏာကို ကိုင်စွဲပြီး  ၂၀၂၁ ခုနှစ် ဧပြီလ ပထမပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရကို ဖွဲ့စည်းပြီး ဖက်ဒရယ်ဒီမိုကရေစီအင်အားစု အားလုံးနဲ့ လက်တွဲကာ ဒီပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်တွေနဲ့  နိုင်ငံရေးလမ်းပြမြေပုံ အဆင့်ဆင့်ကို စုပေါင်းခေါင်းဆောင်မှု စုပေါင်းအင်အားနဲ့ လက်တွေ့အကောင်အထည် ဖော် ဆောင်ရွက်သွားမယ်လို့လည်း အသိပေးကြေညာထားပါတယ်။

 ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)ကို  ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏာ Mandate အပြည့်အဝအပ်နှင်းထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013