
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ် ရွာသာရွာမှာ မတ်လ ၃၁ ရက် ညနေပိုင်းက အကြမ်းဖက်စစ်အုပ်စုက ရွာထဲသေနတ်ပစ်ဖောက်ပြီး အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မှန်စက်ရုံအနောက်ဘက် ခြံတစ်ခြံမှာရှိတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက် အပါဝင် အမျိုးသား ၉ ယောက်ကို အကြမ်းဖက်စစ်အုပ်စုလက်ပါးစေတွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။
အကြမ်းဖက်စစ်အုပ်စုက ရွာထဲသေနတ် ၁၀ ချက်လောက်ဖောက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ပုသိမ်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွဋ်၊ သာပေါင်းမြို့နယ်ပြည်သူ့လွှတ်တော်ဦးသိန်းထွန်းနဲ့ သာပေါင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးအောင်အောင်ဦး အပါအဝင် ၉ ယောက်ကို ကားနဲ့ ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းတဲ့နေ့ကစပြီး ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေကို ဖမ်းဆီးပြီး အကျယ်ချုပ်ထားရှိခဲ့သလို လွှတ်တော် ကိုယ်စားလှယ် ၁၀ ယောက် ကျော်ကိုလည်း တရားစွဲဆိုထားတယ်လို့ သိရပါတယ်။










