DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအား R2P ဖြင့် အရေးယူရန် ကုလသမဂ္ဂကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒီကလဒ် တောင်းဆို
DVB
·
March 30, 2021
မြန်မာနိုင်ငံအား R2P ဖြင့် အရေးယူရန် ကုလသမဂ္ဂကို နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒီကလဒ် တောင်းဆို
Donate to DVB

မြန်မာနိုင်ငံအား R2P နဲ့ အရေးယူဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဆီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တောင်အာဖရိက နိုင်ငံသမ္မတဟောင်း  ဒီကလဒ်က မတ် ၂၉ ရက်နေ့ နေ့စွဲနဲ့ စာရေးသား တောင်းဆိုလိုက်ပါတယ်။

သမ္မတဟောင်း ဒီကလတ်ခ်က "မတ်လ (၈) ရက်နေ့က GLF အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ နယူးဇီလန် ဝန်ကြီးချုပ်ဟောင်း ဟယ်လင်ကလတ်ခ် ရေးလိုက်တဲ့စာကို သတိရမယ်ထင်ပါတယ်။  ကုလသမဂ္ဂပဋိညာဉ် ရဲ့ အပိုဒ် (၉၉)  ကို အသုံးပြုဖို့၊ အဲဒီစာထဲမှာ တိုက်တွန်းထားပါတယ်။ မြန်မာစစ်တပ်ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေက လူအများအပြားကို တိုးမြှင့်သတ်ဖြတ်လာတဲ့အခါမှာ  ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ထံကို  မတ်လ ၂၄ ရက်နေ့က   နောက်ထပ်စာတစ်စောင်ကို ထပ်ပို့ခဲ့ပါတယ်။  မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို R2P သုံးပြီးဖြေရှင်းဖို့ အဲဒီစာမှာ ရေးထားပါတယ်" လို့ အစချီပြီး ရေးသားထားတာပါ။

အလားတူပဲ "အထွေထွေ အတွင်းရေးမှူးချုပ်ခင်ဗျား။ မတ်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံအတွင်းမှာ လူအမြောက်အမြားကို ထပ်မံသတ်ဖြတ်လိုက်ပါတယ်။ တစ်ရက်တည်းမှာပဲ လူ ၁၀၀ ကျော်သတ်ဖြတ်ခဲ့တာပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကစပြီး ရေတွက်မယ်ဆိုရင် စုစုပေါင်း လူဦးရေ ၄၀၀ ကျော်သတ်ဖြတ်ခံလိုက်ရပါပြီ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်ကို ကျနော်ဖတ်ရပါတယ်။ ကလေးသူငယ်တွေ၊ လူငယ်တွေ အပါအဝင် အရပ်သားတွေကို သတ်ဖြတ်တဲ့အပေါ် အပြင်းအထန် ရှုတ်ချ ပြစ်တင်ထားတာ အဲဒီထုတ်ပြန်ချက်မှာ ဖတ်ရပါတယ်။ စစ်ကောင်စီက အဲဒီလို အကြီးအကျယ် သတ်ဖြတ် နှိမ်နင်းနေတာတွေဟာ ခင်ဗျားရဲ့ ထုတ်ပြန်ချက်မှာ ရေးထားတဲ့အတိုင်း လက်ခံစရာ မရှိပါဘူး။ နိုင်ငံတကာအသိုင်းအဝိုင်းက ညီညီညွတ်ညွတ် စုပေါင်းပြီးတော့ တုံ့ပြန်ချက်တစ်ခုကို အခိုင်အမာ လုပ်ဆောင်ဖို့နဲ့  ဒီအခြေအနေဆိုးကြီးကို အရေးတကြီး ဖြေရှင်းဖို့ လိုအပ်နေပါတယ်" လို့ ရေးသားထားပါတယ်။  

ဒါ့အပြင် ကမ္ဘာကြီးမှာ အရပ်သားတွေကို စစ်တပ်က သတ်ဖြတ်နေတာမျိုးဟာ လုံး၀ လက်ခံနိုင်စရာမရှိဘူးလို့ မြင်တဲ့အကြောင်း၊   နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့လည်း ဒီကိစ္စရပ်ကို မျက်စိမှိတ်ထားလို့ မရဘူးလို့ ဆိုပါတယ်။

၂၀၀၅ ခုနှစ်တုန်းက ကမ္ဘာ့ထိပ်သီး ညီလာခံမှာ သဘောတူချမှတ်ခဲ့တဲ့ R2P အခြေခံမူဟာ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးစုသုတ်သင်မှု၊ လူ့အသိုင်းအဝိုင်းကို သုတ်သင် သတ်ဖြတ်တဲ့ ရာဇဝတ်မှု၊ ဒါတွေကို မဖြစ်အောင် ကာကွယ်ဖို့ ချမှတ်ခဲ့တာဖြစ်တဲ့အကြောင်းလည်း ဖော်ပြပါရှိပါတယ်။

"အစိုးရ တရပ်အနေနဲ့ မိမိတို့ရဲ့ ပြည်သူပြည်သားတွေကို ကာကွယ်စောင့်ရှောက်ဖို့၊ ပျက်ကွက်တဲ့အခါမျိုးမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိတယ်လို့  R2P အခြေခံ မူဝါဒမှာ ဖော်ပြထားပါတယ်။  R2P ဆောင်ရွက်ဖို့အတွက် အမှုကိစ္စတစ်ခု ရှိတယ်ဆိုရင် အဲဒီအမှုကိစ္စဟာ လက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီကို ဒီလိုသတ်ဖြတ်မှုမျိုး ဆက်လုပ်နေဖို့ ခွင့်မပြုသင့်ပါဘူး။  မြန်မာပြည်သူတွေရဲ့ အလိုဆန္ဒကို ဆန့်ကျင်တားဆီးတာမျိုး ခွင့်မပြုသင့်ပါဘူး။ ဒီလို လုပ်နေတာမျိုးကို ရပ်တန့်သွားအောင်လုပ်ဆောင်ဖို့ ကုလသမဂ္ဂမှာ တာဝန်ရှိပါတယ်" လို့ ဆိုပါတယ်။

ဒါကြောင့် အရေးပေါ် လုံခြုံရေးကောင်စီအစည်းအဝေး ခေါ်ဖို့အတွက် ကုလသမဂ္ဂ ပဋိညာဉ်အပိုဒ် ၉၉ ကိုသုံးဖို့နဲ့ လုံခြံရေးကောင်စီက R2P  ချမှတ်ဖို့ GLF အဖွဲ့ကိုယ်စား သမ္မတဟောင်းအနေနဲ့ တိုက်တွန်းတယ်လို့ ဖော်ပြထားပါတယ်။

အခုရေးသားတဲ့စာကို   GLF (Global Leadership Foundation)  ဥက္ကဋ္ဌအနေနဲ့ ရေးသားလိုက်ခြင်းဖြစ်ကြောင်း၊ GLF အဖွဲ့ဟာ ၂၀၀၄ က ဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပြီး ကမ္ဘာအနှံ့အပြားက နိုင်ငံအကြီးအကဲဟောင်း ၄၅ ဦးနဲ့ ဖွဲ့စည်းထားပြိး သူတို့ဟာ လက်ရှိ နိုင်ငံအကြီးအကဲတွေကို တိုက်ရိုက်အကြံပေးနိုင်သူတွေဖြစ်တယ်လို့ သိရပါတယ်။

သမ္မတဟောင်း ဒီကလတ်ခ်အနေနဲ့ အခုစာကို  GLF ရဲ့  website မှာ တင်သွားမှာဖြစ်သလို ဖြန့်လည်ဖြန့်ချိမယ်လို့လည်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013