DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်း အပတ်စဉ် ၂၆ စတင်ချိန် အဓမ္မ လူသစ်စုဆောင်းမှု တိုးမြှင့်
DVB
·
July 18, 2026
Photo: MOI 
Photo: MOI 
Donate to DVB

မြန်မာနိုင်ငံအနှံ့ တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲတွေမှာ သေဆုံးဒဏ်ရာရသူတွေများနေတဲ့ စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ်ကတည်းက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး လူသစ်စုဆောင်းနေသလို တဖက်မှာလည်း အရင်ကတည်းက လုပ်ခဲ့တဲ့ပုံစံအတိုင်း အဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းတာတွေ ပိုမိုလုပ်ဆောင်လာနေပါတယ်။ 

လက်ရှိ စစ်မှုထမ်း အပတ်စဉ် ၂၆ စတင်နေချိန်မှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးတာတွေ ပိုကြုံ တွေ့နေကြရပါတယ်။

ရန်ကုန်မြို့မှာ နေထိုင်တဲ့ အသက် ၂၆ နှစ် ဝန်းကျင် ကိုမင်း ( အမည်လွှဲ ) မြောက်ဥက္ကလာနဲ့ စစ်တပ် အခြေစိုက်တာများတဲ့ မင်္ဂလာဒုံမြို့နယ်အစပ်က ရပ်ကွက်တခုကနေ သူ့ရဲ့ နေအိမ်ကိုပြန်ဖို့ ကားငှားနေတုန်း သူ့နားကို ကား ၂ စီးလာရပ်ပြီး သူ့ကို လိုက်လံဖမ်းဆီးတာနဲ့ ကြုံခဲ့ရတယ်လို့ ပြောပါတယ်။ 

“ညီလေးတဲ့ ဘယ်ပြန်မှာလဲတဲ့၊ ကျနော်က ဒီဘက်၊ ဒီဘက်ပြန်မှာလို့၊ အဲ့ဒီတော့ ကိုကြီး လိုက်ပို့ပေးမယ်တဲ့၊ ကိုကြီးတို့နဲ့လိုက်ခဲ့တဲ့ ၊ ကျနော်က ကိုကြီးတို့က ဘယ်သူလဲဆိုပြီး ကျနော်က ဖုန်းထုတ်ပြီးတော့ သူတို့ကို ဖလက်ရှ်မီးနဲ့ ထိုးကြည့်ဖို့လုပ်လိုက်တော့၊ မင်းက ဘာလုပ်မလို့လဲ ဆိုပြီးတော့ ကျနော့်ကို ဆဲဆိုပြီးတော့ အဲ့ဒီကောင်ဖမ်း၊ အဲ့ဒိကောင်ဖမ်းဆိုပြီးတော့ အဲ့မှာ အရှေ့က ကားထဲက လူတွေထွက်လာသေးတယ်။ နောက်တစီးထဲကလည်း လူတွေထွက်လာတော့ ကျနော် ပြေးတာပေါ့။”

ညအမှောင်မှာ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်တဲ့ အမျိုးသား ၁၀ ယောက်ကျော်က ကား ၂ စီးပေါ်ကနေ ဆင်းပြီး လိုက်လံဖမ်းဆီးတာကြေင့် ကိုမင်း ထွက်ပြေးခဲ့ပါတယ်။

ထွက်ပြေးတဲ့အတွက်လည်း အဲ့ဒီလူတွေက သူ့ကိုအနောက်ကနေ ကားနဲ့လိုက်တိုက်တာကြောင့် သူက ရပ်ကွက်ထဲက နေအိမ်တွေဆီကို အော်ဟစ် အကူအညီတောင်းပြီးပြေးတော့မှ လိုက်ဖမ်းတဲ့ လူတွေက လှည့်ပြန်ခဲ့သွားလို့ ကိုမင်းလွတ်မြောက်ခဲ့တာပါ။

ဒီအခြေအနေတွေကြုံနေရတာက ကိုမင်းတယောက်ထဲတော့မဟုတ်ပါဘူး။ မြန်မာနိုင်ငံက စစ်အာဏာရှင်ထိန်းချုပ်တဲ့ ဒေသတွေမှာနေတဲ့ အသက် ၁၆ နှစ်ကနေ အသက် ၃၅ နှစ်ကြား အမျိုးသားအများစုက ဘယ်သူမှန်းမသိတဲ့ လူတွေ သူတို့ကို နောက်ယောင်ခံလိုက်ပြီး လိုက်ဖမ်းတာ ကို ကြုံခဲ့ရဖူးတယ်လို့ လူမှုကွန်ရက်မှာ ရေးသားချက်တွေအရ သိရပါတယ်။ 

ရန်ကုန်မြို့မှာတော့ လူငယ်တချို့ ပျောက်ဆုံးတဲ့ သတင်းတွေခပ်စိပ်စိပ် တွေ့လာရပြီး အဲ့ဒီလူငယ် အမျိုးသားတွေကို တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူအခြေစိုက် အမှတ် (၁) တန်းမြင့်သင်တန်းကျောင်းနဲ့ လှည်းကူးမြို့နယ်၊ မင်းကုန်းအခြေစိုက် အမှတ် (၁) စစ်အခြေခံလေ့ကျင့်ရေး သင်တန်းကျောင်း တွေမှာ ပြန်တွေ့ရတာတွေရှိသလို မိသားစုနဲ့ လုံးဝဆက်သွယ်လို့မရတော့ဘဲ ပျောက်ဆုံးသွားတဲ့ သူတွေလည်းရှိတယ်လို့ DVB က မေးမြန်းခဲ့တဲ့ မိသားစုဝင်‌တွေက ပြောကြ ပါတယ်။ 

ရန်ကုန်မြို့က အင်းစိန်၊ ရွှေပြည်သာ၊ မင်္ဂလာဒုံစတဲ့ နေရာတွေမှာ အမျိုးသားတွေ ဖမ်းဆီးခံရတာ‌တွေ အများဆုံးဖြစ်တယ်လို့ ရန်ကုန်မြို့ခံတယောက်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်တပ်နဲ့ သူ့ကို ဆန့်ကျင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအ ကြား နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်အာဏာရှင်တပ်က စစ်သည်အင်အား လိုအပ်ချက်တွေ များလာပါတယ်။

ဒါကြောင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်စေခဲ့ပြီး စစ်မှုထမ်းသင်တန်းတွေဖွင့်လှစ်လာတာ ဇွန် ၂၉ ရက်မှာ စစ်မှုထမ်းအပတ်စဉ် ၂၆ သင်တန်းဖွင့်လှစ် ခဲ့ပါတယ်။

စစ်အာဏာရှင်မင်းအောင်လှိုင် သမ္မတလုပ်ယူခဲ့ပြီးနောက်ပိုင်း နိုင်ငံတကာမှာ တရားဝင်မှုရဖို့ ကြိုးပမ်းနေရတာကြောင့် စစ်အာဏာရှင်တပ်က လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို ပြန်စိုးမိုးနိုင်ဖို့ကိုလည်း “တည်ငြိမ်ရေး ရက် ၁၀၀” စီမံချက်နဲ့ ကြိုးပမ်းနေတာကြောင့် တော်လှန်ရေး တပ်တွေ ထိန်းချုပ်တဲ့ ဒေသတွေကို သာလွန်အင်အားသုံးပြီး ထိုးစစ်ဆင်နေတာ တွေ့ရပါတယ်။

ဒါကြောင့် စစ်မှုထမ်း အပတ်စဉ် ၂၆ ဟာ အရင်အပတ်စဉ်တွေထပ် လူလိုအပ်ချက်ပိုများနေတယ်လို့ စစ်တပ် CDM အရာရှိတွေက သုံးသပ်ကြပါတယ်။

စစ်မှူထမ်းဥပဒေစတင် အကောင်အထည်ဖော်ကျင့်သုံးတဲ့ အစောပိုင်းကတော့ ပြည်သူ့စစ်မှုထမ်း သင်တန်းအပတ်စဉ် တခုစီတိုင်းအတွက် ကျေးရွာအုပ်စု တစုကို လူ ၂ ယောက်နှုန်းနဲ့ ခွဲတမ်းချ ခေါ်ယူခဲ့ပေမဲ့ နောက်ပိုင်း တပ်သားလိုအပ်ချက်များ လာတဲ့အတွက် မြို့ရွာတွေမှာပါ ပေါ်ပေါ် ထင်ထင်ပေါ်တာဆွဲဖမ်းဆီး လုပ်ဆောင်လာတာပါ။ 

မြန်မာနိုင်ငံရဲ့ လူဦးရေ အများဆုံးနေထိုင်တဲ့ ရန်ကုန်မြို့ပေါ်မှာပဲ လူငယ်အတွေ ဖမ်းဆီးခံနေရတာ မဟုတ်ပါဘူး တခြားဒေသတွေမှာလည်း လူငယ်အမျိုးသားတွေ ပုံစံမျိုးစုံနဲ့ ဖမ်းဆီးခံနေရပါတယ်။

လူငယ်အမျိုးသားတွေ ဖမ်းဆီးမှု အများဆုံးခံနေရတဲ့ ဒေသက စစ်အာဏာရှင်တပ်ရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် ( နမခ) တည်ရှိတဲ့ စစ်ကိုင်းတိုင်း မုံရွာမြို့ပါ။ 

ဇူလိုင် ၈ ရက်မှ ၁၂ ရက်အထိ ၅ ရက်အတွင်း လူငယ်အမျိုးသား အယောက် ၁၅၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ DVB က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရသိရပါတယ်။ 

မုံရွာမြို့ပေါ်မှာတော့ မနက်ခင်းအလုပ်သွားချိန်တွေနဲ့ ညနေခင်းတွေမှာ လူသွားလူလာများတဲ့ ကမ်းနားလမ်း၊ ကျောက်က္ကာလမ်း၊ အမြင့်လမ်းအပါအဝင် မြို့ပေါ်က နေရာအနှံ့မှာ ရဲနဲ့ စစ်သားတွေ က ရဲကားနဲ့ အိမ်စီးကားတွေအသုံးပြုပြီး လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတယ်လို့ မြို့ခံတွေ က ပြောကြပါတယ်။

အဲဒီလို ဖမ်းဆီးခံရတဲ့ထဲမှာ ကိုဝင်း အမည်လွှဲရဲ့ ညီလည်း ပါသွားပါတယ်။ သူ့ညီဖြစ်သူဟာ ကုမ္ပဏီအရောင်းဝန်ထမ်း တယောက်ဖြစ်ပြီး ညနေ ၅ နာရီဝန်းကျင်သာရှိသေးတဲ့ ရုံးဆင်းချိန်မှာ မုံရွာမြို့ပေါ် ကျောက္ကာလမ်းမပေါ်မှာ ပေါ်တာဆွဲခံလိုက်ရတာပါ။ အဲဒီနောက် စစ်ကိုင်းမြို့ တပ်မ ၃၃ စစ်သင်တန်းကို ပို့လိုက်တယ်လို့ ကိုဝင်းက ပြန်ပြောပြပါတယ်။

“ဖမ်းသွားတယ်၊ ဖမ်းသွားပြီးတော့ ဆေးမှတ်ချက်တွေ ဘာတွေယူပြီးတော့မှ ဆေးအောင်တယ် ဘာတယ်ဆိုရင်တော့ တခါထဲထည့်သွားတယ်၊ ဆေးကျတယ်ဆိုရင်တော့ ပြန်လွှတ်ပေးတာပေါ့။ တပ်မ ၃၃ ကို သင်တန်းသွားပေးပြီး သူတို့က ၆ လပြတ်သင်တန်းလေ၊ သင်တန်းက ၆ လ ၃ လလေ၊ ပုံမှန်ပေးတာက ၃ လပေးတာများပါတယ်၊ ၃ လ သင်တန်းပြီးမှ မုံရွာကို သက်ဆိုင်ရာမြို့နယ်တွေကို ပြန်ပို့ပေးတာ။”

စစ်တပ်က စစ်မှုထမ်းအပတ်စဉ် တခုကို တပ်သားသစ် ၅,၀၀၀ ခေါ်ယူပြီး နိုင်ငံအနှံ့က တပ်သားသစ် သင်တန်းကျောင်း သင်တန်းကျောင်းနေရာ ၂၇ နေရာ ဖွင့်လှစ်ထားတယ်လို့ မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)က ပြောပါတယ်။

စစ်အာဏာရှင်တပ်ကတော့ သူတို့ဖွင့်တဲ့စစ်မှုထမ်းအပတ်စဉ်တိုင်းမှာ သတ်မှတ်လူဦးရေ ပြည့်ဖို့ အတွက် လူငယ်တွေကို နည်းလမ်းမျိုးစုံသုံးပြီး တပ်သားသစ် စုဆောင်းနေတာတွေ့ရတယ်လို့ MDSI အဖွဲ့က CDM ဗိုလ်မှူး ကိုနောင်ရိုးက ပြောပြပါတယ်။ 

“အခုနောက်ပိုင်းဆိုရင် လူငယ်တွေရဲ့ သွားလာလှုပ်ရှားမှုတွေ၊ ပုံစံတွေ အလုပ်သွား အလုပ်ပြန် ပုံစံ တွေ၊ အလေ့အထတွေ ဒီအခြေအနေတွေကို လိုက်ပြီးတော့မှ ဖမ်းဆီးစုဆောင်းဖို့ ပိုပြီးတော့ နည်းလမ်းပေါင်းစုံလုပ်လာတာတွေ့ရတယ်။ အလုပ်သွားအလုပ်ပြန်တွေကို ဆိုင်ကယ်တက္ကစီ အယောင်ဆောင်တယ်၊ ကားတက္ကစီအယောင်ဆောင်ပြီးမှ တို့ဆေးလိုဟာတွေ သုံးပြီး ဖမ်းဆီးတာ တွေရှိတယ်။ အလုပ်သွားအလုပ်ပြန်နောက်ကျတဲ့သူတွေကို ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီး နေတာတွေရှိတယ်။”

အာဏာသိမ်းပြီး ၅ နှစ်ကျော်ချိန်မှာ နိုင်ငံအနှံ့အပြားမှာ တော်လှန်ပုန်ကန်မှုတွေနဲ့ ကြုံနေရပြီး သေဆုံးတာများနေတဲ့ စစ်တပ်ဟာ လူငယ်တွေကို နေရာဒေသမရွေး၊ လူမျိုးဘာသာမရွေး အတင်းအကျပ် စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေ ဆင့်ခေါ်တာတွေ လုပ်နေတာပါ။

အာဏာသိမ်းပြီးနောက်ပိုင်း ကျဆင်းလာတဲ့ စီးပွားရေး အခြေအနေနဲ့ ငွေကြေးဖောင်းပွမှုတွေ ကြောင့် မိသားစု စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတဲ့ မြန်မာနိုင်ငံက လူငယ်တွေဟာ ကိုယ့်အိမ်မှာ ကိုယ်နေထိုင်ရင်း နေ့စဉ်လုပ်ကိုင်နေကျအလုပ်တွေကို လုပ်ကိုင်နေရင်းနဲ့ ဘယ်အချိန်မှာ ဘယ်လိုအဖမ်းခံရမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့ စိတ်မလုံခြုံမှုတွေကြီးစိုးနေရပါတယ်။

စစ်မှုထမ်းဖို့ ဖမ်းဆီးခံရမှုကနေလွတ်မြောက်လာတဲ့ လူငယ်တယောက်က “သေပြီထင်တာပေါ့ အခုချိန်ထိကို စိတ်ထဲမှာနည်းနည်းတော့ ကြောက်နေတုန်းပဲ။ အပြင်ထွက်ဖို့တောင် စဉ်းစား နေရတယ်၊ အလုပ်ကိစ္စတွေဆိုလည်း မသွားတော့ဘူး အဲ့လောက်အထိကိုဖြစ်သွားတယ်”လို့ ပြောပါတယ်။

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013