
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၈ ရက်နေ့ ညပိုင်းက အကြမ်းဖက်စစ်အုပ်စုပစ်ခတ်မှုကြောင့် သေဆုံးခဲ့တဲ့ လွှတ်တော်ရုံး CDM ဝန်ထမ်း ကိုဇင်လင်းအောင် နာရေးကို ဒီကနေ့ မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။
"နာရေးချမယ်လမ်းကို စစ်တပ်က လာတပ်စွဲထားတော့ သူတို့ဆီက ခွင့်ပြုချက်ယူရတယ်၊ လိုက်လာတာမျိုးတော့မရှိဘူး''လို့ နာရေး လိုက်ပို့သူ ၁ ဦးက ပြောပါတယ်။
ပုသိမ်မြို့ရှိ ဘန့်ဘွေးကုန်းခံတပ်ကို ရဲနဲ့ စစ်တပ်က ညပိုင်း လာရောက်ပစ်ခတ်ခဲ့လို့ အသက် ၂၇ နှစ်အရွယ် ကိုဇင်လင်းအောင် (ခ) ငလင်း လည်ပင်းထိမှန်ပြီး ကျဆုံးခဲ့တာလို့ မျက်မြင်တွေ့သူတွေကပြောပါတယ်။
ရဲနဲ့စစ်တပ်ပစ်လို့ ကျဆုံးခဲ့တဲ့ ကိုဇင်လင်းအောင်ရဲ့ အဘိုးဖြစ်သူဟာ စစ်တပ်က ဗိုလ်ကြီးအငြိမ်းစားဖြစ်ပြီး ဖခင်ဖြစ်သူကတော့ စစ်တပ်က တပ်ကြပ်ကြီးအငြိမ်းစားဖြစ်တယ်လို့ သိရပါတယ်။










