
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က ပလိုင်းရွာ စစ်တပ်အထိုင်စခန်းကနေ ရိက္ခာပြတ်လပ်လို့ ထွက်ပြေး သွားတဲ့ စစ်သားတွေနဲ့ ပြည်သူ့စစ်တွေကို စစ်တပ်က လေကြောင်းကနေ လိုက်လံပစ်ခတ် ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ပလိုင်းရွာက စစ်ရှောင်ပြည်သူတယောက် သေဆုံး၊ ၆ ယောက် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပလိုင်းရွာ အထိုင်စခန်းဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံရသလို ၅ နှစ် လောက် ပိတ်ဆို့ခံထားရတဲ့စခန်းတခုဖြစ်ပြီး အခုနှစ် ဧပြီလနဲ့ မေလတုန်းကလည်း ပူးပေါင်းတပ်ဖွဲ့ တွေနဲ့ တိုက်ပွဲကြီး ၂ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲတွေမှာ စစ်တပ်ဘက်က ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်၊ အသေခံဒရုန်းတွေနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး ဗုံးအလုံးရေ ၁၀၀ ထက်မနည်း ကြဲချကာ စခန်းမကျရေးအတွက် ခုခံကာကွယ်ခဲ့ရတဲ့ စခန်းဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ၅ လကျော်ကစလို့ စစ်တပ်ဘက်က တံတားဦးလေတပ်ကနေ Y-12 လေယာဉ်နဲ့ တပတ်ကိုတကြိမ် ရိက္ခာနဲ့ခဲယမ်းတွေ လာချပေးနေခဲ့ပေမဲ့ ရိက္ခာထုပ်တွေဟာ အထိုင်စခန်းထဲကို အပြည့်အဝ မရောက်ရှိတဲ့အတွက် ရိက္ခာပြတ်လပ်လာတာ ဖြစ်ပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက် ည ၈ နာရီဝန်းကျင်လောက်ကစပြီး စခန်းအတွင်းမှာရှိတဲ့ စစ်သား၊ ရဲ၊ ပြည်သူ့စစ်တွေနဲ့ မိသားစုဝင် ကလေး၊ လူကြီး စုစုပေါင်း အင်အား ၁၈၀ လောက်ဟာ စခန်းကိုစွန့်ခွာပြီး ထွက်ပြေးခဲ့ကြပါတယ်။
အဲဒီလို စခန်းစွန့်ခွာချိန်မှာပဲ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က အသေခံဒရုန်းတွေ၊ တံတားဦးလေတပ်က Y-12 လေယာဉ်၊ MI-35 ရဟတ်ယာဉ်တွေနဲ့ ရွှေဘို အမှတ် ၈ တန်းမြင့် လေ့ကျင့်ရေးကျောင်းကနေ လက်နက်ကြီးတွေ အသုံးပြုပြီး ပလိုင်းရွာ အပါအဝင် အနီးအနားက ကျေးရွာတွေ၊ တောတောင်တွေထဲကို အလုံးရေ ၅၀ ထက်မနည်း ဗုံးကြဲ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီလို ပစ်ခတ်မှုတွေကြောင့် ပလိုင်းရွာက အသက် ၅၅ နှစ်အရွယ် စစ်ရှောင်အမျိုးသားတယောက် ဗုံးစထိမှန် ပွဲချင်းပြီး သေဆုံးခဲ့တဲ့အပြင် ပလိုင်းရွာက အသက် ၅၀ အရွယ် အမျိုးသားတယောက်နဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးတယောက်၊ ကံသာရွာက အမျိုးသားနဲ့ အမျိုးသမီး စုစုပေါင်း ၃ ဦး၊ မဲတောရွာက အမျိုးသားတယောက်၊ စုစုပေါင်း ပြည်သူ ၆ ယောက် ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
စစ်တပ်က ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ လိုက်လံပစ်ခတ်တာကြောင့် ထွက်ပြေးသွားတဲ့ တပ်ဖွဲ့ဝင် ၃ ယောက်လည်း သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပေမဲ့ DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
စခန်းစွန့်ခွာတဲ့သူတွေဟာ လူအင်အားများတဲ့အတွက် လမ်းကြောင်း ၃၊ ၄ ကြောင်းခွဲပြီး ဩဂုတ်လ ၂၅ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ၃ ရက်ဆက်တိုက် ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို ထွက်ပြေးရာမှာ စစ်တပ်ဝါဒဖြန့်သူ ကျော်စိုးဦးဆီကို စားနပ်ရိက္ခာတောင်းခံခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့ဝင် မမြတ်မွန် အပါအဝင် ကလေးနဲ့ လူကြီး စုစုပေါင်း ၃၀ လောက်ကို တော်လှန်ရေးအဖွဲ့တွေက အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
တချို့က လွတ်မြောက်သွားတာသလို၊ ပလိုင်းအထိုင်စခန်းကို ပြန်ဝင်သွားသူတွေလည်း ရှိပြီး လက်တလောမှာ ပစ်ခတ်မှုတွေ ငြိမ်သက်နေတယ်လို့ သိရပါတယ်။











