DVB Logo
Home
မြန်မာသတင်း
ဒီမိုကရေစီရေးအသက်ပေးသွားခဲ့သူများအတွက် ဝမ်းနည်းကြောင်း အလှမယ်ဟန်လေး စင်မြင့်ထက်မှပြောကြား
DVB
·
March 28, 2021
ဒီမိုကရေစီရေးအသက်ပေးသွားခဲ့သူများအတွက် ဝမ်းနည်းကြောင်း အလှမယ်ဟန်လေး စင်မြင့်ထက်မှပြောကြား
Donate to DVB

ထိုင်းနိုင်ငံမှာကျင်းပတဲ့  Miss Grand International အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ အလှမယ် ဟန်လေးက ဒီမိုကရေစီရေးအသက်ပေးသွားခဲ့သူများအတွက် ဝမ်းနည်းကြောင်းနဲ့ နိုင်ငံတကာက မြန်မာကိုအကူအညီပေးကြဖို့ ပြောကြားသွားပါတယ်။ 

မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့က မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် မြန်မာပြည်သူ ၁၀၀ ကျော်သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြေကွဲမှုတွေကို  မြန်မာပြည်သူတွေရဲ့ကိုယ်စား စင်မြင့်ထက်ကနေ မျက်ရည်ကျပြီး ထုတ်ဖော် ပြောကြားသွားတာဖြစ်ပါတယ်။

“ဒီနေ့မြန်မာနိုင်ငံမှာ ကျမ ဒီစင်မြင့်ထက်မှာ စကားပြောနေချိန်မှာ လူတွေအများကြီး သေနေကြတယ်။ ဒီနေ့ လူအယောက် ၁၀၀ ကျော်လောက် သေဆုံးသွားခဲ့တယ်။ အသက်တွေ ဆုံးရှုံးသွားခဲ့ကြတဲ့ပြည်သူတွေအားလုံးအတွက် ကျမအရမ်းကို ဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။ မြန်မာပြည်သူတွေဟာ ဒီမိုကရေစီအတွက် လမ်းပေါ်မှာ တိုက်ပွဲဝင်နေကြတယ်။ ကျမလည်း အခု ဒီစင်မြင်ထက်ကနေ ဒီမိုကရေစီရေးအတွက် ပါဝင်နေပါတယ်။  ဒီစင်မြင့်ထက်ကနေ နိုင်ငံတကာကို အခုလိုကျမကို ထုတ်ဖော်စကားပြောခွင့်ပေးတဲ့ Miss Grand International  အဖွဲ့အစည်းကို ကျေးဇူးတင်ပါတယ်။ ကျမဒီနေရာကနေ ပြောချင်တာကတော့ ကျေးဇူးပြုပြီးမြန်မာပြည်ကို အကူအညီပေးကြပါ။ ကျမတို့ နိုင်ငံတကာအကူအညီတွေ အရေးတကြီး လိုအပ်နေပါတယ် အခုချက်ချင်းလိုအပ်နေတာပါ။ အနာဂတ်မျိုးဆက်သစ်တွေ အတွက် တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ တာဝန်ယူမှုနဲ့ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတခုကိုတည်ဆောက်ကြရအောင်ပါ။ မြန်မာနိုင်ငံနဲ့ အတူ ကမ္ဘာကြီးငြိမ်းချမ်းပါစေ”

လမ်းမပေါ်မှာအသက်ပေးသွားခဲ့ကြသူတွေအတွက် အရမ်းကိုဝမ်းနည်းတဲ့ အကြောင်းနဲ့  ကမ္ဘာ့ကြီးရဲ့ တနေရာရာမှာ အပြစ်မဲ့ အမျိုးသမီးငယ်နဲ့ ကလေးတွေ အသက်ဘေးနဲ့ကြုံနေရပြီဆိုရင် ကမ္ဘာ့တဝန်းလုံးက ပြည်သူတွေအနေနဲ့ ဝိုင်းဝမ်းကြိုးပမ်း အဖြေရှာပြီး ကူညီပေးသင့်တယ်လို့ လည်း မြန်မာအလှမယ်က ပြောကြားခဲ့ပါတယ်။ 

အလှမယ် ဟန်လေးဟာ မယ်စကြဝဠာ မြန်မာ ၂၀၂၀ အလှမယ်ပြိုင်ပွဲမှာ 1st Runner Up ဆုရရှိခဲ့တဲ့အတွက် Miss Grand International ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အနေနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲကို အစပိုင်းတုန်းကတော့ ဗင်နီဇွဲလားနိုင်ငံမှာ ကျင်းပဖို့ ကြေညာခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရွှေ့ဆိုင်းခဲ့ရပြီး ထိုင်းနိုင်ငံမှာ ကျင်းပဖို့ ဖြစ်လာခဲ့တာပါ။

       မတ်လ ၂၇ ရက်နေ့မှာ ဖိုင်နယ်ပြိုင်ပွဲအနေနဲ့ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကို လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ ကမ္ဘာ့နိုင်ငံအသီးသီး က အလှမယ် ၆၃ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

       အလှမယ်သရဖူကိုတော့ အမေရိကန်နိုင်ငံ ကိုယ်စားပြုအလှမယ် Abena Appiah က ဆွတ်ခူးရရှိသွားခဲ့ပြီး 1st Runner-Up ဆုကို ဖိလစ်ပိုင်အလှမယ်၊ 2nd Runner-Up ဆုကို ဂွာတီမာလာအလှမယ်၊ 3rd Runner-Up ဆုကို အင်ဒိုနီးရှားအလှမယ်နဲ့ 4th Runner-Up ဆုကို ဘရာဇီးအလှမယ်တွေက ဆွတ်ခူးရရှိခဲ့ကြတာပါ။ မြန်မာအလှမယ် ဟန်လေးကတော့  Top 20 အဆင့်ဝင်ခဲ့ပါတယ်။

အကောင်းဆုံး အမျိုးသားဝတ်စုံဆု Best National Costume Award ၃ ဆုကို တော့ ဂျပန်၊ ထိုင်းနဲ့ ဂွာတီမာလာနိုင်ငံကိုယ်စားပြုအလှမယ်တွေက ဆွတ်ခူးရရှိသွားခဲ့ကြပြီး The Best in Swimsuit Award ဆုကိုတော့ ဘရာဇီးအလှမယ်က ဆွတ်ခူးရရှိသွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013