လက်ဘနွန်နိုင်ငံမှာ အီရန်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့ကို နှိမ်နင်းဖို့အတွက် မြေပြင်စစ်ဆင်ရေးတွေ တိုးချဲ့လုပ်ဆောင်နေကြောင်း အစ္စရေးစစ်တပ်က အတည်ပြုပါတယ်။
မတ် ၂၂ ရက်က လက်ဘနွန်တောင်ပိုင်းနဲ့ တခြားဒေသတွေကြား ဆက်သွယ်ပေးထားတဲ့ ကက်စမီယီ တံတားကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
အစ္စရေးစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး အိုင်ယယ် ဇမီရာက“ကျနော်တို့ စနစ်တကျ ရေးဆွဲထားတဲ့ အစီအစဉ်အရ မြေပြင်စစ်ဆင်ရေး ပစ်မှတ်တွေနဲ့ တိုက်ခိုက်မှုတွေကို ရှေ့ဆက်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်” ဆိုပြီး ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။
အခုတခေါက် အစ္စရေးတပ်တွေရဲ့ ဟစ်ဇ်ဘိုလာအပေါ် ထိုးစစ်ဆင်မှုဟာ အစသာရှိသေးသလို အချိန်ကြာမြင့်နိုင်တယ်လို့လည်း ဇမီရာက ဖြည့်စွက်ပြောပါတယ်။
အဲဒီနောက် လက်ဘနွန်သမ္မတ ဂျိုးဆက်ဖ် အောင်းန်က ဒါဟာ နိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်တဲ့အပြငf မြေပြင် ကျူးကျော်မှုကို အစပျိုးနေတာဖြစ်တယ်လို့ပါ တုံ့ပြန်ထားပါတယ်။
ဒီတပတ်အစောပိုင်းမှာလည်း လစ်တာနီမြစ်ပေါ်က တံတား ၂ စင်းကို ဟစ်ဇ်ဘိုလာအဖွဲ့ အသုံးပြုနေတယ်ဆိုပြီး အစ္စရေးက တိုက်ခိုက်ခဲ့ပါသေးတယ်။
ဒါ့အပြင် အစ္စရေးစစ်တပ်ဟာ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ “ရတ်ဒ်ဝမ်အထူးတပ်ဖွဲ့က တပ်မှူး” ကိုပါ သုတ်သင်နိုင်ခဲ့ကြောင်း ကြေညာထားပါတယ်။
အဲဒီနောက် ဟစ်ဇ်ဘိုလာအဖွဲ့က လက်တုံ့ပြန်မှုအဖြစ် လက်ဘနွန်တောင်ပိုင်းနဲ့ အစ္စရေးမြောက်ပိုင်းမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်စခန်းတွေကို အဓိကပစ်မှတ်ထားပြီး အကြိမ် ၆၀ ထက်မနည်း တိုက်ခိုက်ခဲ့ကြောင်း တာဝန်ခံ ပြောဆိုပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်ကလည်း လစ်တာနီ မြစ်တလျှောက် ဖြတ်သန်းသွားလာလို့ရတဲ့ လမ်းကြောင်းမှန်သမျှနဲ့ နှစ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ နေအိမ်တွေကိုပါ စစ်တပ်အနေနဲ့ ဖျက်ဆီးပစ်ဖို့အတွက် အမိန့်ပေးထားပါတယ်။
လစ်တာနီဟာ အစ္စရေးနယ်စပ်နဲ့အပြိုင် ကီလိုမီတာ ၃၀ လောက် ရှည်လျားသလို စုစုပေါင်း ကီလိုမီတာ ၁၇၀ နီးပါးနဲ့ လက်ဘနွန်အတွက် အရှည်ဆုံးမြစ်လည်း ဖြစ်ပါတယ်။
လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အစ္စရေးနဲ့ ပဋိပက္ခအတွင်း သေဆုံးသူ ၁,၀၂၉ ယောက် ရှိလာခဲ့ပြီး လူတသန်းကျော်အထိ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရကြောင်း သိရပါတယ်။










