
မြန်မာနိုင်ငံအတွင်း အသက်ကယ် စားနပ်ရိက္ခာနဲ့ အာဟာရဆိုင်ရာ ကူညီထောက်ပံ့ရေး လုပ်ငန်းတွေ ကူညီဖို့ တောင်ကိုရီးယားနိုင်ငံက အမေရိကန်ဒေါ်လာ ၅ သန်း ထပ်မံထောက်ပံ့ကူညီမယ်လို့ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)က ဩဂုတ် ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ ပြည်သူတွေ ငတ်မွတ်ခေါင်းပါးမှု အန္တရာယ်နဲ့ ရင်ဆိုင်နေရသူ သန်းပေါင်းများစွာ ပိုမိုတိုးပွားလာချိန်မှာ ကိုရီးယားက စားနပ်ရိက္ခာနဲ့ အာဟာရဆိုင်ရာ ကူညီထောက်ပံ့မှုတွေကို တိုးမြှင့်ပေးအပ်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံရုံးယာယီတာဝန်ခံ ဘေဗြောင်ဆူးက “ပဋိပက္ခတွေ၊ နေရပ် စွန့်ခွာ ရမှုတွေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရတဲ့အချိန်မှာ ဘယ်မိသားစုမှ ငတ်မွတ်ခေါင်းပါးမှုကို တယောက်တည်း ရင်ဆိုင်မထားသင့်ပါဘူး။ ကိုရီးယားနိုင်ငံအနေနဲ့ WFP နဲ့ ပူးပေါင်းဆောင်ရွက် မှုကတဆင့် မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်ရပ်တည်သွားမှာဖြစ်ပြီး အထူးသဖြင့် ကလေးသူငယ်တွေ၊ မိခင်တွေနဲ့ နေရပ်စွန့်ခွာနေရတဲ့ လူ့အသိုက်အဝန်းတွေဆီ အသက်ကယ် စားနပ်ရိက္ခာနဲ့ အာဟာရ ထောက်ပံ့မှုတွေ အမှန်တကယ် ရောက်ရှိစေဖို့ ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
အခုပေးအပ်တဲ့ အကူအညီတွေနဲ့ WFP က ပဋိပက္ခဒဏ်ခံရသူ ၁၄၀,၀၀၀ ကို အရေးပေါ် စားနပ်ရိက္ခာတွေ ပံ့ပိုးပေးသွားမှာဖြစ်သလို အသက် ၅ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၁၅,၀၀၀ အတွက်လည်း အာဟာရဆိုင်ရာ ထောက်ပံ့မှုတွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။
နေရပ်စွန့်ခွာ တိမ်းရှောင်နေရသူတွေ (IDPs)၊ ပဋိပက္ခဒဏ်ခံရတဲ့ မိသားစုတွေနဲ့ ၂၀၂၅ ခုနှစ် မတ်လ ငလျင်အပါအဝင် လတ်တလော ရိုက်ခတ်မှုများကြောင့် ထိခိုက်ခံစားရတဲ့ မိသားစုတွေကို ဦးစားပေး ထောက်ပံ့သွားမယ်လို့ WFP က ထုတ်ပြန်ပါတယ်။
WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ညွှန်ကြားရေးမှူး မိုက်ကယ်ဒန်းဖို့ဒ်က “ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေ၊ စားနပ်ရိက္ခာစျေးနှုန်း မြင့်တက်မှုတွေနဲ့ ထပ်ခါတလဲလဲ ရိုက်ခတ်မှုတွေကြောင့် ထိခိုက်ရတဲ့ မိသားစုတွေအတွက်တော့ ဒီထောက်ပံ့မှုဟာ ထမင်းတနပ်ထက်မက ပိုမိုလေးနက် ပါတယ်” လို့ ထုတ်ပြန် ပြောပါတယ်။
မြန်မာပြည်တွင်း လတ်တလော မြင့်တက်နေတဲ့ ကုန်စျေးနှုန်းတွေနဲ့ စက်သုံးဆီစျေးနှုန်းတွေ ဆက်လက်ဖြစ်ပေါ်နေပါက လူဦးရေ ၅ သန်းအထိ အရေးပေါ် စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေသို့ ရောက်ရှိသွားနိုင်တယ်လို့ WFP က သတိပေးထားပါတယ်။
စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံဟာ လက်ရှိ ကမ္ဘာပေါ်မှာ ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး ဆဋ္ဌမမြောက်နိုင်ငံဖြစ်ပြီး နိုင်ငံလူဦးရေရဲ့ လေးပုံတပုံနီးပါးဖြစ်တဲ့ ၁၂ ဒသမ ၄ သန်း ဟာအရေးပေါ် ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်နေပြီး ၄ သန်းနီးပါးမှာ ပြည်တွင်းနေရပ်စွန့်ခွာ တိမ်းရှောင်နေရဆဲဖြစ်ကာ အသက် ၅ နှစ်အောက် ကလေးသူငယ် ၃၆၀,၀၀၀ ကျော်မှာ ပြင်းထန် အာဟာရချို့တဲ့မှုကို ရင်ဆိုင်နေရပါတယ်။











