
ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ စက်သုံးဆီဈေးနှုန်းတွေက အခုထိ မတည်ငြိမ်သေးဘဲ ဆီအဝင်နည်းပါးနေတဲ့အတွက် စက်သုံးဆီအရောင်းဆိုင်အချို့ ပိတ်ထားရတယ်လို့ ဒေသတွင်း စက်သုံးဆီရောင်းဝယ်ရေး လုပ်ကိုင်သူတွေဆီက သိရပါတယ်။
လက်ရှိ မိုးတွင်းကာလအတွင်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနိုင်တာကြောင့် စက်သုံးဆီ သယ်ယူပို့ဆောင်ရေးမှာလည်း ပိုခက်ခဲလာနိုင်ပြီး စက်သုံးဆီရှားပါးလာတာနဲ့ ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာနိုင်မလားဆိုပြီး ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒီးမော့ဆိုမြို့နယ်ရှိ စက်သုံးဆီ ရောင်းဝယ်သူတယောက်က “လမ်းကြောင်းအခြေအနေပေါ်ပဲ မူတည်တယ်။ လောလောဆယ် ဓာတ်ဆီဈေးကျဖို့ အခြေအနေ သိပ်မရှိနိုင်သေးဘူး။ တက်လာမဲ့ ဓာတ်ဆီက နည်းနည်းရှားနေတာကြောင့် ဆိုင်အချို့ ပိတ်ရတာမျိုးရှိတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်း ကရင်နီပြည်နယ်မှာ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး ဓာတ်ဆီ တလီတာကို ကျပ် ၁၅,၀၀၀ ကနေ ၂၀,၀၀၀ ဝန်းကျင်အထိ ရောက်ရှိခဲ့ပါတယ်။
ဒါပေမဲ့ မေလအစောပိုင်းမှာ ဓာတ်ဆီတလီတာ ကျပ် ၈,၅၀၀ ဝန်းကျင်အထိ ဈေးကျဆင်းလာခဲ့ပေမဲ့ လက်ရှိမှာတော့ ဓာတ်ဆီတလီတာ ကျပ် ၉,၅၀၀ မှ ၁၀,၀၀၀ အထိ ပြန်လည်မြင့်တက်လာပြီး ဒီဇယ်တလီတာ ကျပ် ၁၀,၀၀၀ ဝန်းကျင်၊ ပုံးဝါတပုံးကို ကျပ် ၂ သိန်းခန့်နဲ့ ရောင်းချနေတယ်လို့ သိရပါတယ်။
စက်သုံးဆီရောင်းဝယ်သူ နောက်တယောက်က “အခုက ဒီဇယ်ကတော့ သိပ်မရှားသေးဘူး၊ ဓာတ်ဆီကပဲ နည်းနည်း အရင်ရှားနေတာ” လို့ ပြောပါတယ်။
ဒေသတွင်း စက်သုံးဆီကုန်သည်တွေဘက်ကတော့ ဆီပြတ်လပ်သွားတာမျိုး မဟုတ်သေးပေမဲ့ ရောင်းချတဲ့ ဈေးနှုန်းတွေက ဆိုင်တဆိုင်နဲ့တဆိုင် မတူညီတာတွေ ရှိနိုင်တယ်လို့ ပြောကြပါတယ်။
ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့အကြား တင်းမာမှုတွေကြောင့် ကမ္ဘာတဝန်း စက်သုံးဆီဈေးကွက် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေပြီး ကရင်နီပြည်နယ်အတွင်းမှာလည်း အဲဒီအကျိုးဆက်ကို ဆက်လက်ခံစားနေရတယ်လို့ သိရပါတယ်။










