ကမ္ဘာ့အကြီးဆုံးရုပ်ရှင်လုပ်ငန်းဖြစ်တဲ့ အိန္ဒိယရုပ်ရှင်လောက ဘောလိဝုဒ်မှာ ကုန်ကျစရိတ်နဲ့ အချိန်လျှော့ချဖို့အပြင် ဘာသာစကားမျိုးစုံနဲ့ အသံထပ်ဖို့အတွက် ဉာဏ်ရည်တု (AI) နည်းပညာကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာပါတယ်။
ဟောလိဝုဒ်မှာ အနုပညာသမဂ္ဂတွေရဲ့ စည်းမျဉ်းတွေကြောင့် AI အသုံးပြုမှုကို ကန့်သတ်ထားပေမဲ့ အိန္ဒိယစတူဒီယိုတွေကတော့ အပြည့်အဝ အသုံးချနေကြတာပါ။
ရုပ်ရှင်ရုံလာကြည့်သူ အရေအတွက် ကျဆင်းလာတာကြောင့် ကုန်ကျစရိတ် သက်သာစေဖို့ အခုလို AI ကို အားကိုးလာကြတာ ဖြစ်ပါတယ်။
Collective Artists Network အေဂျင်စီရဲ့ AI စတူဒီယိုအကြီးအကဲ ရာဟူးလ်ရီဂူလာပတီးက “ရိုးရာဒဏ္ဍာရီလို ဇာတ်ကားတွေမှာ AI ကြောင့် ကုန်ကျစရိတ် ၅ ပုံ ၁ ပုံလောက် သက်သာသွားပြီး အချိန်ကိုလည်း ၄ ပုံ ၁ ပုံအထိ လျှော့ချနိုင်တယ်”လို့ ပြောပါတယ်။
Eros မီဒီယာက ၂၀၁၃ ခုနှစ်ထုတ် “Raanjhanaa” ရုပ်ရှင်ရဲ့ အဆုံးသတ်ကို AI သုံးပြီး ပျော်ရွှင်စရာဇာတ်သိမ်းအဖြစ် ပြောင်းလဲခဲ့သလို နောက်ထပ် ဇာတ်ကား ၃,၀၀၀ ကိုလည်း AI နဲ့ ပြင်ဆင်ဖို့ စီစဉ်နေပါတယ်။
ဒါပေမဲ့ ဒီလုပ်ရပ်ဟာ အနုပညာကို ထိခိုက်စေတယ်လို့ မင်းသား ဒါနွတ်ရှ်က ဝေဖန်ပါတယ်။ JioStar ကလည်း AI နဲ့ ဖန်တီးထားတဲ့ “Mahabharat” ဇာတ်လမ်းတွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလက ထုတ်လွှင့်ခဲ့ရာမှာ ကြည့်ရှုသူ ၂၆ သန်းခွဲကျော် ရှိခဲ့ပါတယ်။
ကြည့်ရှုသူများပေမဲ့ နှုတ်ခမ်းလှုပ်ရှားမှု မညီတာနဲ့ အရည်အသွေးပိုင်းတွေကြောင့် ပရိသတ်တချို့ရဲ့ ဝေဖန်မှုကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။
Neural Garage လို စဦးကုမ္ပဏီတွေကလည်း AI ကိုသုံးပြီး သရုပ်ဆောင်တွေရဲ့ နှုတ်ခမ်းလှုပ်ရှားမှုနဲ့ အသံကို သဘာဝကျကျ ကိုက်ညီအောင် အသံထပ်ပေးနေပါတယ်။
ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်နဲ့ အန်ဗီဒီယား စတဲ့ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးတွေကလည်း အိန္ဒိယ ရုပ်ရှင်ဖန်တီးသူတွေနဲ့ ပူးပေါင်းနေကြပါတယ်။
ဘောလိဝုဒ်ဒါရိုက်တာ အနူးရက် ကက်ရှ်ရက်ပ်ကတော့ “အိန္ဒိယမှာ ရုပ်ရှင်ဆိုတာ အနုပညာ မဟုတ်ဘဲ စီးပွားရေးသက်သက်ဖြစ်လို့ စတူဒီယိုတွေက ဒဏ္ဍာရီကားတွေရိုက်ဖို့ AI ကို သုံးကြမှာဖြစ်ပြီး ပရိသတ်တွေကလည်း ဒါကို သဘောကျကြတယ်” လို့ မှတ်ချက်ပေးပါတယ်။
Source: Reuters










