
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ပလောတပို့(မိုးပြာ) စစ်ရှောင်စခန်းကို စစ်တပ်က အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်စခန်းတခုလုံး အရေးပေါ် ပြောင်းရွှေ့ခဲ့ရတဲ့အတွက် တည်ဆောက်ရေးနဲ့ စားသောက်ရေးအပြင် အရေးပေါ်ဆေးဝါးတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
မြဝတီမြို့တောင်ဘက် ဝေါလမ်းလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေနဲ့ စစ်ကြောင်းထိုးနေတာကြောင့် ဖလူးကျေးရွာနဲ့ မင်းလက်ပံ ကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ဒါ့အပြင် ထိုင်း−မြန်မာနယ်စပ် သောင်ရင်းမြစ်အနီးက ပလောတပို့(မိုးပြာ) စစ်ရှောင်စခန်းကိုပါ စစ်တပ်ဘက်က ကာမီကာဇေ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်စခန်းကို အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ပစ္စည်းတွေ အကုန်လုံး အခက်အခဲရှိတာပေါ့။ ရွက်ဖျင်တဲတွေထိုးဖို့ ဝါးတွေ နောက်ပြီးတော့ ဝါတာဘလူးတွေ အဲဒါတွေလိုမယ်။ နောက်ပြီးတော့ တိုင်တွေ လိုမယ်။ အိုးခွက်ပန်ကန်တွေ အဓိကလိုမယ်။ စားရေး သောက်ရေးအတွက်ကတော့ ဆန်၊ ဆီ၊ ဆား ငရုပ်၊ ကြက်သွန်အဲဒါတွေ လိုမယ်။ တတ်နိုင်သလောက်တော့ ဝိုင်းကူကြဖို့လိုတယ်။ အရေးပေါ်ဖြစ်နေတဲ့အခြေအနေဆိုတော့။ နောက်တခုက နွေရာသီဆိုလို့ရှိရင် ချွေးထွက်များတော့ ဝမ်းရောဂါတွေဖြစ်တတ်တယ်။ အဲတော့ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ ကူညီစောင့်ရှောက်မှုတွေ လိုမယ်။ ဓာတ်ဆားရေတို့ လိုမယ်” လို့ ပြောပါတယ်။
ဒါအပြင် မတ် ၁၄ ရက် မနက်ပိုင်းကစပြီး စစ်တပ်က စစ်ရှောင်စခန်းအနီးတဝိုက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အပြင် ကာမီကာဇေ အသေခံဒရုန်း ၄ စင်းနဲ့ စစ်ရှောင်ဆေးပေးခန်းကို တိုက်ခိုက်ခဲ့တာမှာ စစ်ရှောင်အမျိုးသား တယောက် သေဆုံးပြီး တယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။
ဆက်လက်ပြီး မတ် ၁၅ ရက် ည ၁၀ နာရီကျော်လောက်က အသေခံဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ရှောင်တယောက်က “သူတို့ ဒရုန်းနဲ့ လာပစ်တာ သေမှာကြောက်တာပေါ့။ စိုးရိမ်တာပေါ့။ ပြေးတာလဲ ပြေးတောင် မနိုင်တော့ဘူး။ (စစ်တပ်က) ပြည်သူကို မရှောင်ဘူး။ သူတို့ ပြည်သူကိုပဲ အနိုင်ကျင့်တယ်။ ပြည်သူက ပြေးနိုင်ရင် ပြေး မပြေးနိုင်ရင် သေတာပဲ။ ဟို မဲကနယ်၊ ဖလူးပြီးတော့ ဒီမိုးပြာ ကြာကြာ ပြေးတောင်မနိုင်တော့ဘူး။ အခု ခက်ခဲတာပေါ့။ မိုးကာရော စားစရာရော ဆေးလိုတာပေါ့။ အခက်အခဲတွေ။ ပြောချင်တာက ကိုယ့်အိမ်ကိုယ် အေးအေးဆေးဆေး ချမ်းချမ်းသာသာ ပြန်နေချင်တာ”လို့ ပြောပါတယ်။
စစ်ရှောင်စခန်း အရေးပေါ်ရွှေ့ပြောင်းခဲ့ရတာကြောင့် သောက်သုံးရေအပြင် ရိက္ခာခြောက်အတွက် အလှူရှင်တွေရဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလကစပြီး လေးကေ့ကော်မြို့သစ်အနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ပလောတပို့ စစ်ရှောင်စခန်းမှာ လေးကေ့ကော် အပါအဝင် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံပြည်သူ ၄,၁၀၀ ကျော်ဟာ လာရောက်ခိုလှုံနေရပါတယ်။
အောင်ခန့်











