DVB Logo
Home
ဆောင်းပါး
ငါးနှစ်သား PDF 
မောင်တူး
·
May 10, 2026
ငါးနှစ်သား PDF 
Donate to DVB

ငါးသိန်းတပ်ကို

တိုက်ဖို့ဆိုတာ

ဘယ်လိုဖြစ်မလဲ

ပြောနေဆဲတွင်

သူလည်း ငါးနှစ်ပြည့်ခဲ့ပေါ့။ ။

PDF တပ်ကို ဝင်ရောက်ဖို့ ရန်ကုန်က ၁၀ နှစ်သားကလေးတယောက်ဟာ ၂၀၂၁ ခုနှစ်က ကရင်ပြည်နယ် တော်လှန်ရေးနယ်မြေကို ရောက်လာတယ်။ အဲဒီမှာ PDF တပ်ဖွဲ့တဖွဲ့ကို သူက ဝင်မယ်တဲ့။ သူ့မှာ ဓားရှည်လေးတချောင်း ပါလာတယ်။ မင်းအောင်လှိုင် စခ တပ်ကိုတိုက်ဖို့တဲ့။ သူက “ကျနော့်ရှေ့မှာတင် ဆန္ဒပြနေတဲ့သူတွေကို မအလ စစ်တပ်က ပစ်သတ်တာ။ သေကုန်တာ။ ဒဏ်ရာရတာ။ ဖမ်းသွားတာတွေကို မြင်ခဲ့ရတယ်။ ကျနော်တို့ ဆန္ဒပြနေလို့ မရတော့ဘူး။ လက်နက်ချင်းတိုက်မှ ရမယ်”တဲ့။ လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်သူတွေဆီကနေ လက်ဖြန့်တောင်းလို့ မရဘူး ဆိုတာကို ၁၀ နှစ်သား ကလေးတောင် သိတယ်။ ဒီကလေးဟာ အခု ၁၅ နှစ်သား ဖြစ်နေပြီ။

PDF တပ်မတော်ဟာလည်း  ဒီ  မေလ ၅ ရက်မှာ ၅ နှစ်ပြည့်ပြီ။

ပြည်သူ့ဆန္ဒ၊ မဲပေးပြလည်း

မရသောခါ၊ စုကာဆန္ဒ

လမ်းပေါ်ပြခဲ့၊ ပစ်ခတ်တဲ့ခါ

ရှောင်ကာမရ၊ တောခိုကြပြီ

PDF ကို ဖွဲ့သတည်း။ ။

PDF ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လက်နက်ကိုင်တပ်အဖြစ် ၂၀၂၁ ခုနှစ် မေလ ၅ ရက်က စတင်တည်ထောင်တယ်။  ၂၀၂၆ ခု မေ ၅ မှာ ၅ နှစ်သား ရှိလာပြီ။ PDF တပ်ရဲ့ စစ်သေနာပတိ မန်းဝင်းခိုင်သန်းကတော့ “ပြည်သူကို ကာကွယ်ဖို့လိုအပ်ချက်အရ ရရာလက်နက်နဲ့ ကိုင်စွဲပြီး စတင်တည်ထောင်ခဲ့တဲ့ PDF တပ်ဟာ ဒီနေ့ ခေတ်မီလက်နက်တွေကိုကိုင်ပြီး စုဖွဲ့မှု ကောင်းကောင်းနဲ့ တန်ပြန်ထိုးစစ်တွေကိုတောင် လုပ်နိုင်နေပြီလို့” ၅ နှစ်ပြည့် မိန့်ခွန်းမှာ ဂုဏ်ပြု ပြောကြားခဲ့ပါတယ်။

ဒီနေ့ ငါးနှစ်သား PDF ရဲ့ လက်စွမ်းလက်စများ

ငါးနှစ်ပြည့်မှာ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာ စခစခန်းကို PDF ကဝင်တိုက်လို့ မအလတပ်သား ၇ ဦး သေဆုံးခဲ့ပါတယ်။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာလည်း စစ်တပ် ကုန်တင်ကားယာဉ်တန်းကို မြိတ် PDF က တိုက်ခိုက်ရာမှာ မအလ စစ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် မွန်ပြည်နယ် ဘီးလင်းနဲ့ ပဲခူးတိုင်း ရွှေကျင်မြို့နယ်က ဒီနေ့ ငါးနှစ်မြောက်နေ့ တိုက်ပွဲတွေထဲမှာလဲ စကစ တပ်သား ၂၀ သေ၊ ၃၀ အရှင်ဖမ်းမိခဲ့ပါတယ်။ PDF ပေါ်ပေါက်လာပြီးမှ စကစတပ်ဟာ အရင်က မရှိခဲ့ဘူးတဲ့ တပ်ရင်းမှူးတွေပါ ကျဆုံးနေပါပြီ။ ဗျူဟာမှူးတွေအထိ ကျဆုံးနေရပါပြီ။ ဒီလို PDF တပ်တွေဟာ ပြည်သူ့ထောက်ခံမှုနဲ့ တိုက်ပွဲတွေ ပိုအောင်မြင်နေပြီး တိုင်းရင်းသား တော်လှန်ရေးတပ်တွေနဲ့ ပူးတွဲ တိုက်ပွဲဆင်နိုင်နေတာ အားရစရာပါ။ NUG အစိုးရက D-day စခေါ်တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်ကစပြီး ဒီနေ့ PDF ငါးနှစ်မြောက်အထိ စစ်အာဏာရှင်ဘက်က အင်အား ၈၉၃,၇၄ ဦး ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ NUG PDF ပေါ်ပေါက် မလာ ခဲ့ဘူးဆိုရင် တိုင်းရင်းသားတပ်တွေနဲ့လည်း ပူးတွဲမှု မရှိခဲ့ဘူးဆိုရင် အာဏာရှင်စစ်တပ်ဟာ အခုလောက်အထိ အင်အား ဆုံးရှုံးတာ မဖြစ်နိုင်ပါဘူး။ 

PDF အတွက် ထောက်ပို့တွေဟာ တကမ္ဘာလုံးမှာ

လက်နက်ကိုင်တိုက်နေကြသူတွေသာ PDF မဟုတ်ပါ။ ဗယာကြော် ကြော်နေကြသူတွေကလည်း PDF ပါ။ ဆံပင်ညှပ် ဆံပင်ကောက် အလှပြင်အလုပ် လုပ်နေကြသူ မိန်းမပျိုလေးတွေကလည်း PDF ပါပဲ။ ထောက်ပို့ရဲဘော် ရဲမေလေးတွေပေါ့။ အမေရိကားက လေယာဉ်ကွင်း အလုပ်သမားလူငယ်ကလေးဟာ သူ့ရဲ့ ကားအသစ်ကြီးကို ရောင်းပြီး PDF ကိုလှူခဲ့တယ်။ သူကိုယ်တိုင်က စက်ဘီးစီး အလုပ်ဆင်းတယ်လေ။ ဂျပန်ပြည်က ဆယ်ကျော်သက် ဇနီးမောင်နှံဟာ သူတို့ရဲ့ လခတွေကို PDF ဆီ အကုန်လှူထားတယ်။ အချိန်ပို Over Time ကြေးတွေကိုသာ သူတို့သုံးတယ်။ တောင်ကိုရီးယားမှာ MFDMC အဖွဲ့ ဖွဲ့ထားပြီး အဖွဲ့ဝင်တွေများစွာဟာ လစဉ်ဝမ်ငွေ တသိန်းစီ အနည်းဆုံးထည့်ဝင်ကြပြီး PDF ကို အလုံးအရင်းနဲ့ထောက်ပံ့နေကြတယ်။ အခုဆို PRF ထောက်ပို့အဖွဲ့ဟာ ကိုရီးယားကနေ ထိုင်း စင်ကာပူ မလေးရှား နိုင်ငံတွေမှာ တိုးချဲ့ပြီး ထောက်ပို့တပ်တွေကို တိုးဖွဲ့လာနေတယ်။ အလားတူ ဩစတြေးလျမှာ လန်ဒန်မှာ ကနေဒါမှာ နော်ဝေးမှာ စင်ကာပူမှာ ထိုင်းမှာ မလေးရှားမှာ စသည်ဖြင့် ကမ္ဘာတလွှားမှာ ဆိုပါတော့လေ။ ဒါတွေဟာ PDF ထောက်ပို့တပ်သားတွေ။ ဒါတွေဟာ PDF တွေပါ။ ဒါတွေဟာ ပြည်တွင်းမှာ တိုက်နေတဲ့ PDF တွေနဲ့ အတူတူပါပဲ။

PDF တပ်သား

ထောက်ပို့အားကောင်းတဲ့ PDF တွေ ဖြစ်ကြသလို မြေပြင် တိုက်ပွဲဝင် အင်အားကလည်း မနည်းလှပါဘူး။ စစ်ကိုင်းမှာ၊ မကွေးမှာ၊ မန္တလေးမှာ၊ ဧရာဝတီမှာ၊ တနင်္သာရီမှာ၊ ပဲခူးစတဲ့ တိုင်းတွေမှာ PDF ဟာ နေရာတိုင်းက ထွက်တိုက်နိုင်နေတာလေ။ စစ်အာဏာရှင်တွေ အတွက်ကတော့ အိပ်မက်ဆိုးကြီး မက်တော့တာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကို အကာအကွယ်ယူပြီး စီးပွားရေးလုပ်စားနေရင် ဇိမ်ကျနေတာကို အာဏာသိမ်းမိလိုက်တဲ့ အဖြစ်က ဆိုးလှပါလားလို့ နောင်တတွေ ရနေကြပါပြီ။ စစ်တပ်မှာ မုဆိုးမတွေ နေ့စဉ် တိုးပွားနေပါပြီ။ PDF တွေ မြို့ကြီးတွေထဲ စိမ့်ဝင်နေပြီး ကိုယ်ပျောက်နေကြပေမဲ့ အဆမတန် အင်အားကြီးမားလာနေလို့ သတိထားကြဖို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် စိုးဝင်းက နေပြည်တော် စစ်တိုင်း အစည်းအဝေးတခုမှမှာ ပြောခဲ့တဲ့ အထိဆိုးလှပါရဲ့။ စစ်ခေါင်းဆောင်တွေဟာ PDF တွေကို ကြောက်နေကြပြီလို့ တပ်တွင်း သတင်းတွေက ဖော်ပြနေကြတာပါ။ ဒီလို ဖြစ်ရတာကလည်း PDF တပ်သားဆိုတာ ကျား၊ မ၊ ပျို၊ အို၊ ကြီး ငယ် မရွေး ဖြစ်လာနေနိုင်တာကြောင့်ပါ။ ရန်ကုန်မှာ ဈေးရောင်းနေသူ တဦးကလည်း PDF တပ်သား ဖြစ်နေနိုင်ပါတယ်။ ကလေးမြို့မှာ ပလိုင်းလွယ် ဈေးသွားနေသူ ချင်းပျိုမလေး ၂ ယောက်ကလည်း PDF တပ်သားတွေ ဖြစ်နေပါတယ်။ ကလေးမြို့က လျှပ်စစ်ဦးစီးမှူး ဗိုလ်မှူးဟောင်းကို စနိုက်ပါနဲ့ ပစ်ခဲ့တာကလည်း အဲဒီ ပလိုင်းလွယ် ချင်းပျိုမေလေးတွေပဲလေ။ ဆရာကိုလေး(အင်းဝဂုဏ်ရည်) စာပေဟောပြောပွဲမှာ ပြောသလို "တွေ့သမျှလူ ပါရဂူ" မဟုတ်တော့ဘူး။ မြင်သမျှလူ PDF တွေ ဖြစ်နေကြပါပြီ။

PDF ကပြောတဲ့ စိတ်ခွန်အား

NUG အကြံပေး နော်ဆူဆန်နာ လှလှစိုးက အခုရက်ပိုင်း မဲလ်ဘုန်းမြို့ကို ရောက်ချိန်က PDF တွေနဲ့တွေ့ပြီး သူ စိတ်ခွန်အား ရခဲ့ကြောင်းကို အခုလို ဟောပြောခဲ့ပါတယ်။

"ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်က ကျမတို့ရဲ့ နွေဦးတော်လှန်ရေး ၅ နှစ်မြောက် အခမ်းအနား လုပ်တယ်။ အဲ့ဒီမှာ အာဆီယံပလက်ဖောင်းက ဥက္ကဋ္ဌ ဒက်ဘီက မေးတယ်။ နွေဦးတော်လှန်ရေး ဘယ်တော့ အောင်ပွဲ ရမလဲတဲ့။ စကားဝိုင်းဆွေးနွေးပွဲမှာ မေးတယ်။ တာဝန်ရှိသူတွေက ဘာမှ မဖြေရသေးဘူး။ ပရိတ်သတ်ထဲက PDF လူငယ်လေးက ထပြောတယ်။ စကားလုံး ၃ လုံး ထပြောတယ်။ WE DON'T CARE တဲ့။ လုံးဝဂရုမစိုက်ဘူးတဲ့။ ဘယ်လောက်ကြာကြာ ဂရုမစိုက်ဘူးတဲ့။ အဓိက FOCUS က ဒီအာဏာရှင်ကို တိုက်ဖို့ပဲ လိုတယ်ပေါ့နော်။ အဓိကက ပြုတ်ကျအောင် တိုက်နေဖို့ပဲတဲ့။ အားလုံးက ဝါးကနဲအားပေးကြတယ်။ ဒီ PDF ကလေးရဲ့ စကားကို ကျမ အရမ်း ခွန်အားရတယ်။ လူငယ်ကလေးတွေ အနာဂတ်တွေ ပျောက်ကုန်ပြီး နယ်စပ်တွေကို ထွက်လာကြတယ်။ တောထဲကို ရောက်ကြတယ်။ ပြည်ပရောက်ကုန်ကြတယ်။ ဒါပေမဲ့ WE DON'T CARE သူတို့မှာ FOCUS က ပြတ်တယ်။ အဓိကက ဒီ အာဏာရှင်ကို ဖြုတ်ချဖို့ပဲ။ 

ကျမလည်း တခါတလေတော့ စိတ်ဓာတ်ကျတာပေါ့။ ကျရင် ရှေ့တန်းသွားတယ်။ သွားပြီးတော့ ရဲဘော်တွေနဲ့ သွားနေလိုက်တယ်။ သူတို့ကို ကြည့်ပြီး ကျမ အရမ်း ပြန်ပြီးတော့ ခွန်အားရတယ်လေ။ ကျမတွေ့တဲ့ ကလေးတွေဆိုရင် မေးကြည့်လိုက်ရင်လေ။ ဆေးကျောင်း နောက်ဆုံးနှစ်တဲ့။ တချို့ဆို သင်္ဘောသား။ သင်္ဘော Officer အရာရှိကနေ တောထဲမှာ သေနတ်ကိုင်တိုက်နေတယ်။ ကောင်မလေးတယောက်ဆို နိုင်ငံခြားမှာ ဟိုတယ်ကြီးတခုရဲ့ အချက်အပြုပ် ဝန်ထမ်းတွေကို အုပ်ချုပ်ရတဲ့ အရာရှိနော်။ ဒေါ်လာနဲ့ရတဲ့ လခကလည်းကောင်းတယ်။ သူတို့မောင်နှမ ၂ ယောက်စလုံး တောထဲမှာလာပြီး စခတွေကို တိုက်နေတယ်။ 

နောက်ပြီးတော့ ကျမနဲ့ခင်တဲ့ ရဲဘော်လေး တယောက်ဆိုရင် တိုက်ပွဲမှာ မျက်လုံးတွေကော လက်တွေကော ပြတ်ကုန်တယ်။ သူဆိုရင် ပရဟိတအဖွဲ့က မျက်မမြင် စာဖတ်နည်းတွေ ဘာတွေ သင်ပေးတယ်။ နယ်စပ်မှာ စာဖတ်တတ်အောင် သင်လည်းပြီးရော တောထဲပြန်ဝင်သွားတယ်။ ဟဲ့ နင်က မျက်စိလည်းမကောင်း လက်လည်းမကောင်း ဘာလို့ တောထဲ ပြန်ဝင်သလဲဆိုပြီး ပြောမိတယ်။ အခုသူက PDF တပ်တွေမှာ သီချင်းတွေ လိုက်ဆိုနေတယ်။ စိတ်ဓာတ်မြှင့်တင်ရေးပေါ့။ သူ့ကို ပရဟိတအဖွဲ့က ဖုန်းပြင်တာ သင်ပေးထားတယ်။ သူကဖုန်းပြင်တယ်။ ကျမတို့က မျက်စေ့မြင်ပြီး ဖုန်းမပြင်တတ်ဘူး။ သူက မျက်စေ့မမြင်ပဲ ဖုန်းပြင်တတ်တယ်။ ကျမပြောချင်တာက သူတို့ဟာ စွန့်လွှတ် စွန်စားပြီးတော့ လုပ်နေကြတာ ဖြစ်တာကြောင့် စိတ်ဓာတ်မကျဘူး။ ကျမတို့လည်း စိတ်ဓာတ်မကျကြနဲ့။ ရှိတဲ့တာဝန်ကို ရှိတဲ့ ရှု့ထောင့်ကနေပြီးတော့ လုပ်ဆောင်သွားကြပါလို့ပဲ ခွန်အားပေးချင်ပါတယ်။”

ပါရမီဖြည့်ဖက် PDF

တိုက်ပွဲမှာ ခြေတဖက်ဆုံးရှုံးထားရတဲ့ PDF ရဲဘော်လေးတယောက်က ဧရာဝတီတိုင်းက ကရင်လူမျိုးပါ။ သူဟာ ခြေတုကို အမြန်တပ်ပြီး ရှေ့တန်းပြန် သွားချင်တယ်လို့ ကျနော့်ကို ပြောတယ်။ ကျနော်ကလည်း သူခြေတုတပ်ဖို့ကို ကူညီပေးခဲ့တယ်။ သူက ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ သူ့ချစ်သူ ကရင်မလေးကို မဲဆောက်ကိုလာခိုင်းတယ်။ ရောက်တော့ သူတို့လက်ထပ်တယ်။ ပြီးတော့ သူက တောထဲပြန်သွားပြီး PDF တပ်မှာ ပြန်နေပြီး တိုက်ပွဲဝင်တယ်။ သူဇနီးက မဲဆောက်မှာ အလုပ်လုပ်ပြီး ရှေ့တန်းက ယောက်ျားကို ထောက်ပို့တယ်။ ကျနော့အမြင်မှာတော့ လင်လည်း PDF မယားလည်း PDF ပါရမီဖြည့်ဖက်။

“မိသားစုတော်လှန်ရေး”

အဖေကလည်း

သူ့အစုအဖွဲ့နဲ့လမ်းပေါ်ထွက်လို့

သမီးကြီးကလည်း

သမီးအငယ်နှစ်ယောက်ကလည်း

ညရှစ်နာရီဝတ်မပျက်သံပုံးတီးလို့

အမေကလည်း

ပရိတ်ရွတ်လို့ လိုင်းပေါ်တက်သတင်းတွေမျှလို့

စိတ်ဆိုးစရာ သတင်းကြားရရင်

မိသားစုလိုက် အာဏာရူးကိုဝိုင်းဆဲလို့။ ။

(မိုးဦးဆွေညိန်း) ၁၃၊ ၀၃၊ ၂၀၂၁

၈၈၈၈ ကာလက ကျနော် မှတ်မိသေးတယ်။ ကျနော်တို့နဲ့အတူ သပိတ်မှောက်နေတဲ့ သူငယ်ချင်း တယောက်ကို သူ့အဖေက ဒေါသတကြီး လာပြန်ခေါ်သွားဘူးတယ်။ ၈၈၈၈ ဆန္ဒပြပွဲတွေမှာ မပါဖို့ မိဘတွေက သားသမီးတွေကို တားကြတယ်။ အိမ်ထဲမှာ ပိတ်ထားခဲ့ကြဘူးတယ်။ ၁၉၈၈ စက်တင်ဘာ ၁၈ ရက် စစ်အာဏာသိမ်းတော့ တောခိုကြတယ်။ မြို့ကနေ ညဖက် ခိုးထွက်ကြချိန် မိဘတွေက တားကြတော့ တချို့သူငယ်ချင်းတွေ မလိုက်နိုင်ခဲ့ကြဘူး။ 

နွေဦးတော်လှန်ရေးမှာတော့ သားရော သမီးရော အဖေရော အမေရော ဆန္ဒပြကြလည်း အတူတူ တောခိုကြတော့လည်း မိဘတွေက ငွေကြေးထောက်ပံ့ကြပြီး သားသမီးတွေကို စစ်တိုက်ခိုင်းတဲ့အထိ စစ်အာဏာရှင်ကို နာကျဉ်းခဲ့ကြပေါ့။ ဒီလိုနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြတော့တာပေါ့။ 

သားအကြီးတွေ

တာဝန်ကျေတော့

ခေါ်သွားပေါ့လေ

သားငယ်တွေ

အမေ အဖေတွေလည်းတာဝန်ကျေပါသည်။ ။

အဖေနဲ့ အမေဟာ ရန်ကုန်မှာနေတယ်။ မအလ အာဏာသိမ်းတော့ သား ၄ ယောက် ရှိတဲ့အထဲက အကြီး ၂ ယောက်ကို PDF တပ်ဆီ ငွေကျပ် သိန်း ၂၀၀ နဲ့အတူပို့လိုက်တယ်။ တနှစ်အကြာမှာ သားကြီး ၂ ယောက်လုံး ကျသွားတဲ့အတွက် မိဘတွေကို PDF တပ်ရင်းက သွားအသိပေးခဲ့တယ်။ ဒီအချိန်မှာ အမေနဲ့ အဖေက သားငယ် ၂ ယောက်ကို ကျပ်သိန်း ၂၀၀ နဲ့အတူ ထပ်ထည့်ပေးလိုက်ပြန်တယ်။ "သားအကြီးတွေ တာဝန်ကျေသွားပြီ။ မင်းတို့ အငယ် ၂ ယောက် ထပ်လိုက်သွားကြတဲ့။ PDF တပ်သားတွေ မွေးထုတ်ပေးတဲ့ အမေအဖေတို့ကလည်း စစ်အာဏာရှင် အမြစ်ဖြတ်ရေး တိုက်ပွဲမှာ တာဝန်ကျေကြပါတယ်ဗျာ။

PDF ငါးနှစ်မြောက်မှသည် နွေဦးအောင်ပွဲဆီသို့

တူးမီး၊ လက်လုပ်သေနတ်၊ လက်ပစ်ဗုံးကလေးတွေ၊ သေနတ်အတိုလေးတွေ၊ လက်လုပ်မိုင်းကလေးတွေနဲ့ စစ်ပညာ ကကြီး ခကွေးကနေ စိတ်ဓာတ်နဲ့သာ စတင်ခဲ့ကြရတဲ့ PDF တပ်ဟာ ၅ နှစ်သား ရှိလာပါပြီ။ ငါးနှစ်ကို ဖြတ်ကျော်လာစဉ် မြို့ပေါင်း ၉ မြို့ကိုလည်း သိမ်းခဲ့ဖူးပြီ။ စခ စခန်းပေါင်း ၁၈၀ နီးပါးကို တိုက်ခိုက် သိမ်းပိုက်ခဲ့ဖူးပြီဖြစ်ပါတယ်။ ၅ နှစ်တာအတွင်း ထိခိုက် ကျဆုံး ဆုံးရှုံးတာတွေ ရှိခဲ့ပေမဲ့ စစ်ပညာ၊ စစ်ပွဲအတွေ့အကြုံတွေ ၅ နှစ်စာ ရရှိပိုင်ဆိုင်ခဲ့ရတာကတော့ တန်ဖိုးရှိလှတဲ့ ရလဒ်ပါပဲ။ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာတဲ့ တပ်ဖွဲ့တွေအနက် PDF ဟာ တပြည်လုံး အတိုင်းအတာအရ အင်အားအများဆုံးနဲ့ ဖြန့်ကြက်မှု အများဆုံးတပ်ဖွဲ့ ဆိုတာ အမှန်ပါ။ငါးနှစ်ပြည့်မှာ ခေတ်မီလက်နက်တွေကို ကိုင်လာနိုင်ပြီး PDF တို့ရဲ့ အင်အား၊ PDF တို့ရဲ့ အတွေ့အကြုံ၊ PDF တို့ရဲ့ စိတ်ဓာတ်တွေကတော့ တနေ့ထက်တနေ့ တိုးတက် လာနေဆဲပါ။ ငါးနှစ်သားကနေ ပန်းတိုင်အရောက်လှမ်းရာမှာ အဓိကအရေးကြီးတာကတော့ စိတ်ဓာတ်ခိုင်မာဖို့ပဲ ဖြစ်ပါတယ်။ 

တာတိုမှာ ခွန်အား

တာလတ်မှာ အဆုံးအဖြတ်

တာဝေးမှာ စိတ်ဓာတ်ပါ။ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013