
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က အောက်တိုဘာ ၁၁ ရက် မနက် ၁၂ နာရီလောက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဥပုသ်သီလ ဆောက်တည်ကြတဲ့ အရပ်သားပြည်သူအများအပြား ထိခိုက်ဒဏ်ရာရပြီး ကျောင်းဆောင်လည်း ဗုံးစထိမှန်ခဲ့တယ်လို့ သိရပါတယ်။
တံတားဦးလေတပ်စခန်းကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စင်းက ဗုံး ၃ လုံး ကြဲချခဲ့တာဖြစ်ပြီး ကျောင်းဝင်းထဲက သာသနာ့အဆောက်အအုံ အားလုံးနီးပါးပျက်စီးသွားခဲ့သလို အသက် ၂ နှစ်ကနေ ၈၀ ကျော်အရွယ်ရှိတဲ့ ရဟန်းသံဃာ၊ သီလရှင်၊ အမျိုးသား၊ အမျိုးသမီး ၂၅ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ၅ ယောက်ကတော့ စိုးရိမ်ရတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဘာမှလည်း တိုက်ပွဲရှိတာမဟုတ်ဘူး၊ ဥပုသ်သီတင်းသီလဆောက်တည်နေကြတဲ့ ယောဂီတွေ၊ သီလရှင်တွေ၊ သံဃာတွေနဲ့ စစ်ရှောင်တွေပဲ ရှိတာပါ။ အဲဒါကို ရွာကို သုံးပတ်ပတ်ပြီး ကျောင်းပေါ်ကို ၃ လုံး ကြဲချသွားတာပါ။ ၂ လုံးက ကျောင်းလယ်ခေါင်ကျပြီး ၁ လုံးက ဘေးမှာကျတယ်။ ထိခိုက်မှုက အလွန်များပါတယ်၊ စိုးရိမ်ရသူတွေလည်း ပါပါတယ်။ ကမ္ဘာ့သာသနာပြု မဟာစည်ဆရာတော်ကြီးရဲ့ အထိမ်းအမှတ် အဆောက်အအုံတွေလည်း အားလုံးပျက်စီးသွားပြီး ဘာမှကို ရစရာမရှိတော့ပါဘူး”
ဆိပ်ခွန်ကျေးရွာဟာ ရွှေဘိုမြို့ရဲ့ အနောက်ဘက်ခြမ်းမှာ ဆိုင်ကယ်နဲ့ခရီးသွားရင် နာရီဝက်လောက် ခရီးအကွာအဝေးရှိပြီး ဒေသခံအများစုကတော့ စက်ယက်ကန်း၊ လက်ယက်ကန်း စတဲ့ အထည်ယက်လုပ်ငန်း လုပ်ကိုင်ကြပါတယ်။
ဆိပ်ခွန်ပကဖ တာဝန်ရှိသူတယောက်က “မဟာစည် ဆရာတော်ဘုရားကြီးရဲ့ မူရင်းကျောင်းထိုင်ခဲ့တဲ့ ကျောင်းပါဗျ။ အခုဟာက အဲဒီကျောင်းက ဓမ္မာရုံနဲ့ ညောင်ပင်ကြီးကြားကို ဗုံးသီးကကျတာ။ ၃ လုံး ပေါက်ကွဲပြီး တလုံးက မပေါက်ကွဲဘူး။ ဘုန်းတော်ကြီးကျောင်းတွေလည်း ကျည်စထိမှန်ပြီး ပျက်စီးတာတွေ ရှိတယ်ဗျ။ အကြောင်းမဲ့ကို လာကြဲချသွားတာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း ဆိပ်ခွန်ကျေးရွာက တိုက်သစ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အဲဒီတိုက်ခိုက်ခံရမှုကြောင့် အသက် ၂၉ နှစ်နဲ့ ၅၀ ကျော်အရွယ် ရဟန်း ၂ ပါး ဗုံးစထိမှန်ဒဏ်ရာနဲ့ ပျံလွန်တော်မူခဲ့ရပြီး ဘုန်းတော်ကြီး ၁၆ ပါးနဲ့ သက်ကြီးရွယ်အို အမျိုးသား၊ အမျိုးသမီး ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို နှစ်ထပ်ဘုန်းကြီးကျောင်းဆောင် ၁ ဆောင်၊ ဆွမ်းစားကျောင်းဆောင်နဲ့ ရေတွင်းတို့ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။











