
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်တဲ့ အစိုးရသက်တမ်းကာလမှာ မဆင်မခြင် ဆောင်ရွက်မှုတွေကြောင့် အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် နိုင်ငံတော်က နစ်နာဆုံး ရှုံးခဲ့တယ်လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ဝေဖန်ပြောလိုက်ပါတယ်။
မတ် ၆ ရက်နေ့က ပြုလုပ်တဲ့ စစ်အာဏာရှင် အစိုးရအဖွဲ့အစည်းအဝေးမှာ အခုလို ထည့်သွင်းပြော ကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ အဂတိတရားကင်းစွာနဲ့ တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ပြီး နိုင်ငံနဲ့ ပြည်သူ့အကျိုးကို ဖော်ဆောင်ပေးရမှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။
အရင် ဒီမိုကရေစီ ဒုတိယအစိုးရသက်တမ်းကာလမှာ နိုင်ငံတော်နဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိသူ တွေရဲ့ မဆင်မခြင် ဆောင်ရွက်မှုတွေကြောင့် နိုင်ငံတော်အနေနဲ့ ငွေကြေးပမာဏ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၄၄ သန်း၊ ငွေကျပ် ၂၂၆ ဒသမ ၁၀၇ ဘီလီယံ နစ်နာဆုံးရှုံးခဲ့ရတယ် လို့ မင်းအောင်လှိုင်က ဆိုပါတယ်။
သူ့လက်ထက်မှာ ဒီလိုမျိုးမဖြစ်အောင် လုပ်ငန်းဆောင်ရွက်တာတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ဖို့နဲ့ အဂတိ လိုက်စားမှုတွေမရှိအောင် အဆင့်ဆင့်ထိန်းသိမ်းသွားဖို့ လိုတယ်လို့လည်း ပြောပါတယ်။
စစ်အာဏာရှင်မင်းအောင်လှိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ လူသားအရင်းအမြစ်တွေ အကြီးအကျယ် ပျက်စီးသွားပြီး၊ နိုင်ငံစီးပွားရေးနဲ့ တိုင်းပြည် ပုံရိပ်ကို ပြန်တည်ဆောက်ဖို့ အချိန်အတော်လေး ယူရပါလိမ့်မယ်လို့ ဩစတြေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်က DVB နဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။










