DVB Logo
Home
မြန်မာသတင်း
စာသင်ကျောင်းများမှ တပ်များဖယ်ရှားပေးရန် Save the Children နှင့် ကုလအေဂျင်စီများတောင်းဆို
DVB
·
March 19, 2021
စာသင်ကျောင်းများမှ တပ်များဖယ်ရှားပေးရန်  Save the Children နှင့် ကုလအေဂျင်စီများတောင်းဆို
Donate to DVB

မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေက စာသင်ကျောင်းတွေမှာ တပ်စွဲထားတာဟာ ကလေးသူငယ်အခွင့်အရေးကို ကြီးလေးစွာချိုးဖောက်မှုဖြစ်တာမို့ ချက်ချင်းဖယ်ရှားပေးကြဖို့နဲ့ အသုံးမပြုကြဖို့ Save the Children ၊ ယူနက်စကိုနဲ့ ယူနီဆက်အဖွဲ့တို့မှ ပူးတွဲ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေရာအနှံ့ ကျောင်းတွေပိတ်ထားကြရတဲ့ အကျိုး ဆက်ကြောင့် ဖိစီးမှုတွေ ကြုံနေကြရတဲ့ မြန်မာနိုင်ငံမှ ကလေးသူငယ်တွေနဲ့ လူငယ် ၁၂ သန်းနီးပါးအတွက် ခုလိုကိစ္စရပ်တွေဟာ သင်ယူလေ့လာရေး အကျပ်အတည်းကို ပိုမို ဆိုးရွားသွားစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တပ်စွဲထားတဲ့ အဆောက်အအုံ ဥပစာတွေကနေ ချက်ချင်းဖယ်ရှားပေးကြဖို့နဲ့ ကျောင်းတွေ၊ ပညာရေးအဆောက်အအုံတွေကို စစ်တပ်၊ ဒါမှမဟုတ် လုံခြုံရေး ဝန်ထမ်းတွေအနေနဲ့ အသုံးမပြုကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီကနေ့ မတ် ၁၉ ရက်အထိ ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခုမှာ လုံခြုံရေး တပ်ဖွဲ့ တွေဟာ စာသင်ကျောင်းနဲ့ တက္ကသိုလ်ပရိဝုဏ် ၆၀ ကျော်မှာ တပ်စွဲထားတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေဟာ အဆောက်အအုံ ဥပစာတွေအတွင်း ဝင်ရောက်ချိန်မှာ ဆရာ/ဆရာမ ၂ ဦးကို ရိုက်နှက်ပြီး တခြားလူပေါင်းများစွာကို ထိခိုက်ဒဏ်ရာတွေ ရရှိ စေခဲ့ကြောင်းနဲ့ ဆေးရုံတွေအပါအဝင် တခြားအများပြည်သူပိုင်အဆောက်အအုံတွေမှာ လည်း တပ်စွဲထားကြတယ်လို့ ဆိုပါတယ်။

ဒါဟာ လက်ရှိအကျပ်အတည်း ဆက်လက်အရှိန်မြင့်တက်လာ‌တာကိုပြနေပြီး ကလေးသူငယ် အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်ရာရောက်ကြောင်းနဲ့ ဘယ်လိုအခြေအနေမျိုးမှာမှ ကျောင်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အသုံးမပြုရဘူးလို့ ဆို ပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူညီချက်စာချုပ်(CRC)၊ မြန်မာ နိုင်ငံ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် အမျိုးသားပညာရေးဥပဒေတွေ မှာ ဖော်ပြပါရှိတဲ့ မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေနဲ့ လူငယ်တွေရဲ့ အခွင့်အရေးများ အားလုံးကို စောင့်ထိန်းလိုက်နာရမယ့် ဝတ္တရားတွေကို လုံခြုံရေးတပ်ဖွဲ့တွေအားလုံးက စောင့်ထိန်းလိုက်နာကြဖို့လည်း သတိပေးထားပါတယ်။

အမြင့်ဆုံးကန့်သတ်ထိန်းချုပ်မှုကို ကျင့်သုံးဖို့နဲ့ ပညာရေးဆိုင်ရာ အဆောက် အအုံတွေ၊ ဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ တခြားအများပြည်သူပိုင် အဆောက်အအုံ တွေကို သိမ်းပိုက်တာနဲ့ ဝင်ရောက်နှောက်ယှက်တဲ့ ပုံစံမျိုးစုံကို အဆုံးသတ်ဖို့ တောင်းဆို ကြောင်းလည်း   ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို စစ်တပ်က အဓမ္မဖမ်းဆီးပြီး အာဏာသိမ်းမှုအပြီး နိုင်ငံတဝန်း လူထုဆန္ဒပြပွဲတွေ ပိုမို မြင့်တက်လာနေခဲ့တာပါ။

ဒီဆန္ဒပြပွဲတွေမှာ ကျောင်းသားလူငယ်တွေအပါအဝင် ပြည်သူတွေ ပါဝင်နေကြပြီး စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးရသူတွေ ၂၀၀ ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ စာရင်း ပြုစုမှုအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၈ ရက်အထိ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြို ခွင်းမှုတွေကြောင့် ကျဆုံးသူဦးရေဟာ ၂၂၄ ယောက်နဲ့ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်း ၂၂၅၈  ယောက်ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013