
ကလေးအများဆုံးပါတဲ့စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းသပိတ်ကို မတ် ၁၄ ရက် အာရုဏ်ဦးမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ရွာ ၃ ရွာပေါင်းပြီး ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာပါတဲ့ ကလေးတွေနဲ့ ရွာသူရွာသားတွေဟာ ဗန်းမော်မြို့က စံပြရွာတွေဖြစ်တဲ့ ကမ်းနီ၊ကျွန်းကြီးနဲ့မိုင်းကာရွာတို့က ဖြစ်ပါတယ်။
"ဖွားစုလာမှ ကျောင်းတက်မယ်”ဆိုတဲ့ ဆိုင်းဘုတ်တွေနဲ့အတူ တော်လှန်ရေးသံချပ်တွေကိုပါ ဟာကွက်မရှိ ညီညီညာညာနဲ့ ရွတ်ဆိုကာ ခြေလျင်သပိတ်ကို ပြုလုပ်ခဲ့ကြပြီး ကျေးရွာလမ်းမ တလျှောက်ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
တောင်သူဦးကြီးများနဲ့လူကြီးမိဘများကအတူ စောင့်ရှောက်လိုက်ပါကာ ကလေးငယ်မှအစ ကောက်စိုက်သမအဆုံး ပါဝင်တဲ့ ရွာ ၃ ရွာစုပေါင်း သပိတ်ဟာ လူဦးရေ ၁၀၀ လောက်ရှိပြီး ကျေးရွာအနှံ့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
ကချင်ပြည်နယ် ဗန်းမော်ခရိုင်က မြို့ပေါ်တွေမှာ ဆန္ဒပြပွဲတွေကို တားဆီးဖြိုခွင်းနေတာ ကြောင့် မလုပ်တော့ဘဲ ရပ်ကွက်၊ကျေးရွာတွေမှာ ညသပိတ်ပြုလုပ်ကြသလို ပြောက်ကျားနည်းတွေ သုံးကာ ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။










