DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့လယ်တွင် သက်ကြီးအမျိုးသား ၁ ဦး အပူရှပ်ပြီး သေဆုံး
DVB
·
October 12, 2026
Photo: ကျောက်တံတားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့
Photo: ကျောက်တံတားမြို့နယ်အရန်မီးသတ်တပ်ဖွဲ့
Donate to DVB

ရန်ကုန် ကျောက်တံတားမြို့နယ်မှာ အောက်တိုဘာ ၁၂ ရက် ဒီနေ့မနက်ပိုင်းက သက်ကြီးပိုင်း အမျိုးသားတယောက် အပူရှပ်ပြီး ရုတ်တရက် သေဆုံးသွားတယ်လို့ သွားရောက်ကူညီပေးခဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မနက် ၁၁ နာရီကျော်က ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းနဲ့ အနော်ရထာလမ်းထောင့်မှာ သက်ကြီးပိုင်း အမျိုးသားတယောက် မူးလဲနေခဲ့လို့ ပတ်ဝန်းကျင်မှာရှိသူတွေက တတ်နိုင်သလောက် ပြုစုခဲ့သလို ပရဟိတအသင်းတွေနဲ့ မီးသတ်တပ်ဖွဲ့ကို အကြောင်းကြားခဲ့ပါတယ်။

သွားရောက်ကူညီခဲ့သူ အရန်မီးသတ်တပ်ဖွဲ့ဝင်တယောက်က “ရာသီဥတုက အရမ်းပူနေတာ။ အပြင်သွားရင် ဂရုစိုက်သင့်တယ်။ အခု ဒီလူနာက အသက် ၆၅ ဝန်းကျင်လောက်ရှိမယ်။ တောင်ဒဂုံက၊ တက္ကစီမောင်းတဲ့သူလို့ သိရတယ်။ ဘာပဲပြောပြော ဂရုစိုက်သင့်တယ်။ အသက်ကြီးတဲ့သူတွေ မပေါ့ဆသင့်ဘူး” လို့ ပြောပါတယ်။

လူနာအမျိုးသား အသက်မရှိတော့တာကြောင့် မိသားစု၀င်တွေဆီ ဆက်သွယ်အကြောင်းကြားပြီး လူနာရဲ့ Dead Body အား ရန်ကုန်ဆေးရုံကြီးဆီကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အခုအချိန်ဟာ အပူရှိန်အပြင်းဆုံးအချိန် ဖြစ်တဲ့အတွက် မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း နေပူထဲ တိုက်ရိုက်သွားလာတာနဲ့ ပင်ပန်းတဲ့အလုပ်တွေ လုပ်ကိုင်တာကို ရှောင်ကြဉ်ကြဖို့လည်း စစ်အာဏာရှင် လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ထားပါတယ်။

ဒါ့အပြင် နေ့စဉ် ရေနဲ့ ဓာတ်ဆားရည်ကို ခပ်စိပ်စိပ် များများသောက်ပေးဖို့၊ အပြင်ထွက်ရင် ထီး၊ ဦးထုပ်နဲ့ အရောင်ဖျော့တဲ့ ချည်ထည်တွေ ဝတ်ဆင်ဖို့နဲ့ နေပူထဲက ပြန်လာကာစ ချွေးထွက်နေတုန်း ချက်ချင်း ရေချိုးတာကို ရှောင်ကြဉ်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

အပူရှိန်ကို မြင့်မားစေတဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်ဟာလည်း လာမဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိနိုင်တယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013