
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE) က သူတို့ရဲ့ အရာရှိတွေကို လျှပ်စစ်ရှော့ခ်ရိုက်နိုင်တဲ့ လက်အိတ်တွေ တပ်ဆင်ပေးဖို့ စီစဉ်နေပါတယ်။
ICE အနေနဲ့ ဒီလက်အိတ် ထောင်နဲ့ချီ ဝယ်ယူဖို့အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ အထိ သုံးစွဲသွားမှာ ဖြစ်ပါတယ်။
ဒီလက်အိတ်တွေကို ဖမ်းဆီးရေး၊ ထိန်းသိမ်းရေးနဲ့ ပြည်နှင်ရေးတာဝန်တွေမှာ အသုံးပြုသွားမှာလို့ ဩဂုတ် ၁၁ ရက်က ထုတ်ပြန်တဲ့ အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနရဲ့ ကြေညာချက်အရ သိရပါတယ်။
Generated Low Output Voltage Emitter (GLOVE) လို့ခေါ်တဲ့ ဒီကိရိယာဟာ ခလုတ်နှိပ်လိုက်တာနဲ့ လျှပ်စစ်အား ၃၈၀ ဗို့အထိ ထုတ်ပေးနိုင်ပါတယ်။
အရာရှိက လူတယောက်ရဲ့ အရေပြားကို တိုက်ရိုက်ထိထားချိန်မှာ လျှပ်စစ်ရှော့ခ်ပေးပြီး စက္ကန့်ပိုင်းမှာတင် အမိန့်နာခံအောင် လုပ်ဆောင်နိုင်တယ်လို့ ထုတ်လုပ်သူက ဆိုပါတယ်။
ဒါပေမဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေမှာ အသုံးမပြုဖို့ကိုတော့ ထုတ်လုပ်သူက သတိပေးထားပါတယ်။
လက်ရှိမှာ ICE အရာရှိတွေရဲ့ အင်အားသုံးမှုတွေအပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်ဖြစ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဒီအစီအစဉ်ကို စိုးရိမ်နေကြပါတယ်။
ထုတ်လုပ်သူဘက်ကတော့ ဒီလက်အိတ်တွေဟာ ဒဏ်ရာဖြစ်စေဖို့ မရည်ရွယ်ဘဲ အင်အားသုံးရမဲ့ အခြေအနေကို အမြန်ဆုံး အဆုံးသတ်ဖို့ ရည်ရွယ်တာလို့ တုံ့ပြန်ထားပါတယ်။
Source: Reuters











