
ထိုင်ဝမ်ဟာ ဒုံးကျည်တွေနဲ့ လေယာဉ်တွေ ၂ မျိုးလုံးကို ပစ်ချနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ပြည်တွင်းထုတ် “ထျန်းကုန်း ၃” အမည်ရှိ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်စနစ်တွေကို နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှု ဒုတိယမြောက်နေ့ဖြစ်တဲ့ ဩဂုတ် ၆ ရက်မှာ သူတို့ကိုယ်တိုင် တည်ဆောက်ထားတဲ့ ထိုင်ပေမြို့မှာ တပ်ဆင်လိုက်ပါတယ်။
အဲဒီဒုံးကျည်စနစ်တွေကို လေတပ်အခြေစိုက်စခန်းလည်းဖြစ်တဲ့ မြို့တွင်းလေဆိပ်အနီးမှာ တပ်ဆင်ထားတာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာနနဲ့လည်း အလှမ်းမဝေးလှပါဘူး။
မြစ်ကမ်းဘေးပန်းခြံကို သွားရောက်လေ့ရှိတဲ့ အသက် ၅၀ နှစ်အရွယ် ထိုင်ပေ ဒေသခံ ချန်ချွန်ဝေက “စစ်ရေးလေ့ကျင့်ခန်းတွေကို ပုံမှန်လုပ်ဆောင်ခြင်းက လက်နက်ကိုင်တပ်ဖွဲ့တွေကို ပိုပြီး တန်ဖိုးရှိတဲ့ အတွေ့အကြုံတွေ ရရှိစေပြီး သူတို့ကို ပိုမိုကောင်းမွန်စွာ ပြင်ဆင်နိုင်အောင် အကူအညီရပါတယ်” လို့ ပြောပါတယ်။
သမ္မတ လိုင်ချင်းတယ် ကလည်း ညဉ့်နက်ပိုင်းမှာ သံချပ်ကာယာဉ် အနောက်ဘက်မှ ကွပ်ကဲရေးဌာနကို အလျင်အမြန် ပြေးသွားခဲ့ပြီး ဒါဟာ စစ်ပွဲဖြစ်ပွားလာရင် အစိုးရအနေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ မပြတ်တောက်ဘဲ ဆက်လက်လည်ပတ်နိုင်ပုံကို ပြသဖို့ ရည်ရွယ်ထားတဲ့ ဒီနှစ်စဉ် စစ်ရေးလေ့ကျင့်မှု အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။
၂၀၂၄ မှာ ရာထူးစတင်ယူခဲ့တဲ့ လိုင် အတွက်တော့ အစိုးရက “ဝမ်ချွန်း” လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်မှာ သမ္မတအဖြစ် ပထမဆုံးအကြိမ် ပါဝင်တာလည်း ဖြစ်ပါတယ်။
ဩဂုတ် ၅ ရက်မှာ စတင်ခဲ့တဲ့ ၁၀ ရက်ကြာ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူတို့ပိုင်နက်အဖြစ် သတ်မှတ်ထားပြီး လိုအပ်ရင် အင်အားသုံး သိမ်းပိုက်မယ်ဆိုတဲ့ တရုတ်ရဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ဖို့အတွက် အသင့်ပြင်ဆင်ထားမှုကို မြှင့်တင်ဖို့ ပြုလုပ်တာ ဖြစ်ပါတယ်။
Source: Reuters










