
တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ မြို့တော်နန်နင်းင်မှာ တိုင်ဖုန်းမုန်တိုင်း မိုင်ဆက်ကြောင့် စံချိန်တင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ ဇူလိုင် ၇ ရက် မနက်ပိုင်းအထိ လူ ၄ ယောက် သေဆုံးပြီး ၈ ယောက် ပျောက်ဆုံးနေတယ်လို့ နန်နင်းင် မြို့မှာ ပြုလုပ်တဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သေဆုံးသူနဲ့ ပျောက်ဆုံးသူအားလုံးဟာ ၂၄ နာရီအတွင်း မိုးရေချိန် စံချိန်တင်ခဲ့တဲ့ ဟန်ကျိုး မြို့က ဖြစ်ပါတယ်။
ဟန်ကျိုးမြို့မှာ ဒေသခံပြည်သူ ၈၄,၇၀၀ ကျော် ဘေးဒုက္ခကြုံတွေ့နေရပြီး ၅၃,၈၀၈ ယောက်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသလို ကျန်ရှိနေသေးတဲ့ လူပေါင်း ၆၆၀ ကိုလည်း ဆက်လက် ရွှေ့ပြောင်းနိုင်ဖို့ အာဏာပိုင်တွေက ကြိုးပမ်းနေပါတယ်။
ပင်းယန်ခရိုင်မှာတော့ လူပေါင်း ၈,၆၀၆ ဦး ထိခိုက်ခံစားခဲ့ရပြီး ရွှေ့ပြောင်းဖို့လိုတဲ့ ဒေသခံ ၈,၁၅၀ အားလုံးကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးပြီးဖြစ်ပါတယ်။
ဒေသတွင်းက မြစ်ပေါင်း ၅၅ စင်းပေါ်မှာ ရေမှတ်တွေဟာ သတိပေးအမှတ်ထက် ကျော်လွန်နေဆဲ ဖြစ်ပြီး လာမဲ့ ၂၄ နာရီအတွင်း မြစ်ရေ ဆက်လက်မြင့်တက်နေဦးမှာဖြစ်လို့ အာဏာပိုင်တွေက ရေကြီးမှု သတိပေးချက်ကို အမြင့်ဆုံးအဆင့်ဖြစ်တဲ့ အနီရောင်အဆင့်အထိ တိုးမြှင့်သတ်မှတ် လိုက်ပါတယ်။
လောလောဆယ် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကွမ်ရှီးမီးသတ်နဲ့ ကယ်ဆယ်ရေးဗျူရိုက ကယ်ဆယ်ရေးသမား ၆၀၀ ကျော်၊ မီးသတ်ကား ၁၅၀ ကျော်နဲ့ စက်လှေ ၇၀ ကျော်ကို စေလွှတ် ထားသလို လျှပ်စစ်ဝန်ထမ်းတွေကလည်း အရေးပေါ်မီးစက်တွေသုံးပြီး ၂၄ နာရီပတ်လုံး အလှည့်ကျစနစ်နဲ့ ကူညီပေးနေပါတယ်။
တဖက်မှာလည်း ဒရုန်းတွေနဲ့ လေကြောင်းကနေ အခြေအနေတွေကို လိုက်လံစစ်ဆေးပြီး ထိခိုက် ပျက်စီးမှု အဆိုးရွားဆုံးနေရာတွေကို အကူအညီပေးဖို့ ပြင်ဆင်နေပါတယ်။
လက်ရှိမှာ ရာသီဥတုကြောင့် လေကြောင်း ကနေ ကီလိုမီတာ ၅ ပတ်လည်လောက်ပဲ စစ်ဆေး နိုင်သေးပေမဲ့ ရှေ့ဆက်ပြီး ရေကြီးမှုဒဏ်ခံထားရတဲ့ နေရာတွေကို အသေးစိပ် မြေပုံ ဖော်ထုတ် သွားမှာဖြစ်လို့ ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အများကြီး အထောက်အကူပြုနိုင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒေသခံတွေအတွက် တဲအိမ်တွေနဲ့ ခေါက်ကုတင်တွေ အပါအဝင် ကယ်ဆယ်ရေးပစ္စည်း အခုရေ ၁ သိန်းခွဲကိုလည်း ဗဟိုအစိုးရက ပေးပို့ထားပါတယ်။
Source:Reuters










