
စစ်ကိုင်းတိုင်း မုံရွာမှာ မတ်လ ၁၅ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြလာတဲ့ကားကို စစ်တပ်နဲ့ရဲက ပစ်ခတ်တဲ့အတွက် ကားသမားသေဆုံးခဲ့ပါတယ်။
မုံရွာမြို့ကို ဝါးတန်း၊ ဆည်ကြီးတော၊ တောင်ရိုး၊ စည်သာလေး စတဲ့ကျေးရွာတွေက ပြည်သူအင်အား ၁၀၀ ဝန်းကျင်စုပေါင်းကာ ကား ၃ စီးနဲ့ ဒီနေ့ မနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့ ထွက်ခွာခဲ့ကြပါတယ်။
ရဲ၊ စစ်တပ်တို့က မုံရွာမြို့တွင်းကို အဝင်မခံတဲ့အတွက် ဇလုပ်ရပ်ကွက်မှာပဲ ဆန္ဒပြခဲ့ကြပြီး လှည့်ပြန်ခဲ့ကြပါတယ်။ အဲဒီကအပြန် မုံရွာ-အရာတော်လမ်း ထနောင်းဝင်းကျေးရွာအနီးတွင် စစ်ကား၊ ရဲကားတွေက နောက်ကလိုက်ပါလာကာ ကျော်တက်ပြီး နောက်ဆုံးကားရဲ့ ကားဘီးကို သေနတ်နဲ့ ပစ်ဖောက်တာ၊ ကားမောင်းသမားကို သေနတ်နဲ့ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် ကားမောင်းသမားသေနတ်မှန် သေဆုံးခဲ့ပါတယ်။ ဒါ့အပြင် ကားကလည်း လမ်းဘေးကို ထိုးကျခဲ့ပြီးကားပေါ်ပါသူ အနည်းဆုံး ၂၀ ဦးခန့် ဖမ်းဆီးခံခဲ့ရတယ်လို့လည်း သိရပါတယ်။
“မုံရွာအင်အားစုတွေနဲ့ လာပေါင်းတာ။ မြို့ထဲအဝင်မခံလို့ ဇလုပ်တင်ပဲ ဆန္ဒပြပြီး လှည့်ပြန်ကြတာ။ အဲဒီမှာ အပြန်ကျတော့ စစ်ကား၊ ရဲကားတွေက နောက်ကလိုက်လာပြီး ပစ်ခတ်ခဲ့တာ။ ကားသမားကတော့ သေနတ်မှန်သွားတယ်။ သူတို့ သယ်သွားတယ်။ ကျန်တဲ့သူတွေကလည်း ထွက်ပြေးတဲ့သူက ပြေးနဲ့ မပြေးနိုင်တဲ့သူတွေက အဖမ်းခံရတာတွေရှိတယ်။ အဲဒီကားမှာ လူ ၃၀ လောက်ပါတယ်။ ၅ ယောက်တော့ လွတ်တယ်။ လောလောဆယ်တော့ အလောင်းက ရင်ခွဲရုံမှာလို့ သိရတယ်။”လို့ ဖြစ်စဉ်ကို သွားရောက်ကြည့်ရှုခဲ့သူတစ်ဦးက ပြောပါတယ်။
ကားက YGN 4F/7437 နံပါတ်တပ်ဆင်ထားတဲ့ အနီရောင် SKAT ကားဖြစ်ပြီး စည်သားကျေးရွာက ဦးမောင်ဇော်ဆိုသူ မောင်းနှင်ခဲ့တာပါ။ ရဲ၊ စစ်တပ်တို့ရဲ့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဦးမောင်ဇော်မှာ သေနတ်ဒဏ်ရာတွေ ရရှိပြီး သေဆုံးခဲ့ပါတယ်။ အခုလိုသေဆုံးတာက စစ်အာဏာရှင်တိုက်ပွဲကာလအတွင်း မုံရွာမြို့မှာ ၁၀ ဦးမြောက်ကျဆုံးတာလည်းဖြစ်ပါတယ်။
မတ်လ ၃ ရက်နေ့က အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ၉ ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၀ ဦးကျော်ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိရာမှာ မုံရွာနှင့် ကလေးမြို့တို့မှာ ရဲ၊ စစ်တပ်တို့ရဲ့ အကြမ်းဖက်ခံရမှုတွေရှိနေပြီး အနည်းဆုံး ၁၁ ဦးထိသေဆုံးထားပါတယ်။ တခြားမြို့နယ်တွေမှာတော့ အကြမ်းဖက်တာအနည်းငယ်ရှိပေမယ့် သေဆုံးတာမျိုးတော့ မရှိသေးပါဘူး။










