
အီရတ်နိုင်ငံ အန်ဘာပြည်နယ်အနောက်ပိုင်းက တပ်မတော်ဆေးဘက်ဆိုင်ရာစင်တာနားမှာရှိတဲ့ အီရတ် ရှီးအိုက်လူထုလှုပ်ရှားမှု တပ်ဖွဲ့တွေပိုင်တဲ့ နေရာတခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ အီရတ်စစ်သား ၇ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ လုံခြုံရေး သတင်းရင်းမြစ်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မတ် ၂၅ ရက်မှာ ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၉ နာရီလောက်မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုဟာ စစ်ဘက်ဆေးခန်းတခုနဲ့ အနား က အင်ဂျင်နီယာယူနစ် တခုကို ထိမှန်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
နောက်ထပ်ထိခိုက်ဒဏ်ရာရသူ ရှိ မရှိ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေနေဆဲပါ။ အရေးပေါ် တုံ့ပြန်ရေးဝန်ထမ်းတွေ စုဝေးနေချိန်မှာ တိုက်ခိုက်မှုဖြစ်တဲ့နေရာတဝိုက်မှာ အပျက်အစီးတွေ ပြန့်ကျဲ နေတာကို လူမှုမီဒီယာဗီဒီယိုတွေမှာ ပြထားပါတယ်။
အီရတ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီလေကြောင်းတိုက်ခိုက်မှုကို ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေနဲ့ ဝန်ထမ်းတွေအပေါ် တိုက်ခိုက်မှုတွေကို တားမြစ်တဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ စံနှုန်းတွေ ကို "ထင်ထင်ရှားရှားနဲ့ အပြင်းအထန် ချိုးဖောက်ခြင်း" အဖြစ် ရှုတ်ချခဲ့ပါတယ်။
အန္တရာယ်ရှိတဲ့ တင်းမာမှု မြင့်တက်လာတဲ့ အခြေအနေအဖြစ် ဖော်ပြရင်း တာဝန်ရှိသူတွေ တာဝန်ခံ ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။
အီရတ်အစိုးရဟာ ဥပဒေဘောင်တွေနဲ့အညီ တုံ့ပြန်ဖို့ အခွင့်အရေးကို သိမ်းဆည်းထားတယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
Source:Reuters










