
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၂ ဦးကို မတ် ၁၂ ရက်နေ့စွဲနဲ့ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ကာ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ တရားရုံးကို ဦးတိုက်လျောက်ကာ တရားစွဲခဲ့တာလို့ သိရပါတယ်။
တရားစွဲခံရတဲ့သူတွေကတော့ ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် နဲ့ တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်အပါဝင် ၁၂ ဦးဖြစ်ပါတယ်။
"တရားလိုကတော့ ပုလဲမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင် က လုပ်ပေးရတာပေါ့။ အဓိကခိုင်းတာက စစ်တပ်ကခိုင်းတာပေါ့။ ခိုင်းတော့ မြို့နယ်အဆင့်ကလူတွေက လုပ်ပေးရတာပေါ့။ ပုလဲမှာ တပ်က ၈ ယောက်လောက်ရှိတယ်လေ။ ကျနော်တို့ ပအဖ အဖွဲ့ဝင် ၁၂ ဦးကို တရားရုံးကို ဦးတိုက်လျှောက်လိုက်တာပေါ့။ ကျနော်တို့ကတော့ ကြိုက်တဲ့ပုဒ်မတပ်ပါ။ လုပ်စရာရှိတာ ဆက်လုပ်နေမှာပါ” လို့ ပုလဲမြို့နယ် တိုင်းဒေသကြီး ၁ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်က ပြောပါတယ်။