
စစ်အာဏာရှင်ဆန့်ကျင်ရေး စုပေါင်းသပိတ်စစ်ကြောင်းဟာ စစ်ကောင်စီရဲ့ လိုက်လံနှောင်ယှက်ဖမ်းဆီးမှုတွေကြားက မတ်လ ၁၂ ရက် မနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အိန္ဒုစံပြကျေးရွာ၊ ဘောလုံးကွင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပါတယ်။
ဘားအံမြို့ပေါ်မှာ လူစုလူဝေးမပြုလုပ်နိုင်အောင်နဲ့ ဆန္ဒမပြနိုင်အောင် စစ်ကောင်စီရဲ့တပ်နဲ့ရဲတွေက လိုက်လံဖမ်းဆီးနှောင်ယှက်တာတွေ သပိတ်စစ်ကြောင်း ချီတက်ရာလမ်းကြောင်း တလျှောက် လိုက်လံဖြိုခွင်းတာတွေကြောင့် ဆန္ဒပြသပိတ်စစ်ကြောင်းဟာ မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်အာဏာရှင်ကျဆုံးတဲ့အထိ ဆန္ဒပြပုံစံပြောင်းပြီ ဆန္ဒပြနေတာပါ။
ဆန္ဒပြ G-Z လူငယ်တစ်ဦးက "ဘယ်လောက်ပဲ လိုက်လံဖြိုခွင်းပါစေ စစ်အာဏာရှင်ကျဆုံးတဲ့အထိ ကျနော်တို့ လူငယ်တွေက ဇွဲမလျော့ဘူး။ ကျနော်တို့ တတ်နိုင်သလောက် ပုံစံပြောင်းဆန္ဒပြသွားမယ်။ ခြိမ်းခြောက်တိုင်း နောက်ဆုတ်သွားမှာ မဟုတ်ဘူး" လို့ ဆိုပါတယ်။
ဆန္ဒပြရာမှာ လူအင်အား ၁၀၀၀ ခန့်က အိန္ဒစံပြကျေးရွာ ဘောလုံကွင်းစုရပ်ကနေ ဘားအံ - မြဝတီ အာရှလမ်းမကြီးအတိုင်း ကျေးရွာအတွင်း ချီတက်လှည့်လည် ဆန္ဒပြခဲ့သလို ဘောလုံးကွင်းစုရပ်အတွင်း HPA-AN စာတန်းကမ်ပိန်း၊ စစ်အာဏာရှင်ကျဆုံးရေးကြွေးကြော်သံ၊ ကမ္ဘာမကြေဘူး သီလျင်းတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တာပါ။
ကရင်ပြည်နယ်အတွင်း စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့ကစတင်ပြီး မတ်လ ၁၂ ရက်နေ့အထိ ဆန္ဒပြသူ၊ CDM ပါဝင်သူ၊ ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးတာတွေကြောင့် ဆန္ဒပြ ပြည်သူ ၁၀၀ ကျော် အဖမ်းခံခဲ့ရသလို့ အဖမ်းခံရသူတချို့ဟာ ဒီကနေ့အထိ မိသားစုနဲ့ အဆက်အသွယ်မရသူတွေ ရှိနေပါတယ်။










