DVB Logo
Home
မြန်မာသတင်း
သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးချုပ် ၃ ဦးကို အဂတိကော်မရှင်က စုံစမ်းစစ်ဆေးနေဟု အာဏာသိမ်း စစ်ကောင်စီပြော
DVB
·
March 11, 2021
သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဝန်ကြီးချုပ် ၃ ဦးကို အဂတိကော်မရှင်က       စုံစမ်းစစ်ဆေးနေဟု အာဏာသိမ်း စစ်ကောင်စီပြော
Donate to DVB

သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ မန္တလေးတိုင်း  ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံတို့ကို အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လိုအပ်တဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်မှုတွေပြုလုပ်နေတယ်လို့ အာဏာသိမ်းစစ်ကောင်စီမှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီကနေ့ မတ်လ ၁၁ ရက်မွန်းလွဲပိုင်းက  နေပြည်တော်မှာ ကျင်းပတဲ့  သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဖြိုးမင်းသိန်းက အမေရိကန် ဒေါ်လာ  ၆ သိန်းနဲ့  ရွေ ၇ ပိဿာ ပေးအပ်ခဲ့တယ်လို့လည်း စွပ်စွဲပြောပါတယ်။ 

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “နောက်တစ်ခုက အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စပဲဖြစ်ပါတယ်။ ရွေးကောက်ပွဲဖြစ်စဉ်များအရ နိုင်ငံတော်နဲ့ ပြည်သူလူထုကို ပြောဖို့ တပ်မတော်အနေနဲ့ အထူးလိုအပ်လို့ ပြောကြားခြင်းဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့က စပြီး အန်အယ်လ်ဒီဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကို လုံခြုံရေးအရ အကျယ်ချုပ်နဲ့ထားရှိခဲ့ပါတယ်။  ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေတွေ၊ စစ်ဘက်နယ်ဘက် ဆက်ဆံရေးနဲ့ ပတ်သက်ပြီး သက်ဆိုင်တဲ့ပြည်ထောင်စုဝန်ကြီးအချို့၊ ဝန်ကြီးချုပ်အချို့၊ လူပုဂ္ဂိုလ်အချို့၊ ဌာနဆိုင်ရာတာဝန်ရှိ ပုဂ္ဂိုလ်တချို့ကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် မေးမြန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုမေးမြန်းတဲ့အခါမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်းက အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ပတ်သက်ဆက်စပ်မှု အခြေအနေများကို ပြောဆိုလာခဲ့ပါတယ်။ ဒီပြောဆိုချက်တွေဟာ မှန်မမှန် ကျနော်တို့ အကြိမ်ကြိမ် အခါခါ ကျနော်တို့ စစ်ဆေးမေးမြန်းခဲ့ပါတယ်။ ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်တွေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်မှုအနေအထားကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ယခင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၈ ခုနှစ် မတ်လ အကြား ငွေသားအမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီရွေ ၇ ပိဿာကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့ရကြောင်းကို အခိုင်အမာ ပြောဆိုခဲ့ပါတယ်။ အခိုင်အမာ ထွက်ဆိုချက်များအရ သိရှိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း အမေရိကန်ဒေါ်လာ ၆ သိန်းနဲ့ အကယ်ဒမီရွှေ ၇ ပိဿာကို ကိုယ်တိုင်ကိုယ်ကျလက်ခံရယူခဲ့ကြောင်း သိရှိရတဲ့အတွက် လိုအပ်သည်များဆက်လက်စုံစမ်းစစ်ဆေးနိုင်ရေး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ ဖော်ထုတ်စစ်ဆေးပေးရန် ရှိပါတယ်”လို့ ပြောပါတယ်။

သက်ဆိုင်ရာလူပုဂ္ဂိုလ်တချို့နဲ့ ဌာဆိုင်ရာတာဝန်ရှိ ဝန်ထမ်းတချို့ကို မေးမြန်းချက် သူတို့ရဲ့ ပြောဆိုချက်တွေအရ ဦးဝင်းမြင့်နဲ့ ဒေါ်ချိုချိုတို့က စီးပွားရေးလုပ်ငန်းရှင်တချို့ထံကနေ ငွေရေးကြေးရေး အကူအညီတောင်းခံမှုတွေ လက်ခံရယူမှုတွေ စိစစ်တွေ့ရှိလို့  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေပြုလုပ်မယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ဟာလည်း အဂတိ လိုက်စားမှုနဲ့ငြိစွန်းကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က လိုအပ်တဲ့ စစ်ဆေးဖော်ထုတ်မှုတွေ ပြုလုပ်နေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီရဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း မဲစာရင်းမှားယွင်းမှုတွေကိစ္စ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ကော်မရှင်အဖွဲ့ဝင်တယောက်ကလည်း  ရွေးကောက်ပွဲအပေါ် သမ္မတဦးဝင်းမြင့်က လွှမ်းမိုးထားတယ်လို့ ပြောထားတဲ့ ဗွီဒီယိုဖိုင်တခုကိုလည်း ပြသခဲ့ပြီး ပြောဆိုနေသူဟာ စာကိုကြည့်ဖတ်နေသလိုမျိုး မျက်နှာအမူအရာ အပြောင်းအလဲမရှိ၊ အသံအနိမ့်အမြင့်မရှိ ပြောဆိုခဲ့တာ မြင်တွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ့ဟာ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုဝန်ကြီးတွေအပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကိုပါ  ဖမ်းဆီးထားပြီး တစ်ဖက်သတ်စွပ်စွဲပြောဆို သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013