
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ဇူလိုင် ၉ ရက် ညနေပိုင်းက လက်နက်ကြီး ၅ လုံးကျပြီး အရပ်သားတယောက် သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး ၅ လုံးဟာ စစ်အာဏာရှင်တပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနီးနဲ့ ရပ်ကွက် ၆၊ ရပ်ကွက် ၁၀ ဘက်တို့ကို ကျရောက် ပေါက်ကွဲတာဖြစ်ပြီး အမျိုးသမီးတယောက် ထိမှန်သေဆုံးခဲ့ပါတယ်။
ဒေသခံတယောက်က “ရှော့တိုက်ဒုံးတွေ ကျတာ။ ဘယ်အဖွဲ့ကပစ်တာလဲ ကျနော်တို့လည်း မသိဘူး။ ရပ်ကွက် ၁၀ မှာ အရပ်သားတယောက်သေတယ်၊ ရပ်ကွက် ၆ မှာ တယောက် ဒဏ်ရာရတယ်။ သေဆုံးသူက ကောင်မလေး။ နေအိမ်လည်းပျက်တယ်" လို့ ပြောပါတယ်။
သေဆုံးသူ မခမ်းအေးဟာ အသက် ၃၈ နှစ်အရွယ်ဖြစ်ပြီး ဟိန္ဒူ-ရှမ်း ဖြစ်သလို အိမ်ထောင်ကျတာလည်း မကြာသေးဘူးလို့ ဆိုပါတယ်။
သေဆုံးသူကို လားရှိုးပြည်သူ့ဆေးရုံကြီးဆီ ပို့ထားပြီး လာရှိုးမှာ လက်ရှိ စစ်အာဏာရှင်တပ်ဘက်က လုံခြုံရေး တိုးမြှင့်ထားပါတယ်။
လားရှိုးမြို့ကို ကိုးကန့်တပ် (MNDAA) က ၁၀၂၇ စစ်ဆင်ရေးကာလမှာ သိမ်းပိုက်လိုက်ပြီးနောက် တရုတ်အကူအညီနဲ့ စစ်တပ်က ပြန်လည်တောင်းယူ အုပ်ချုပ်နေတာ ဖြစ်ပါတယ်။










