DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၁ လ သတ်မှတ်၊ CDM တံခါး အမြဲဖွင့်ထားမည်
DVB
·
March 8, 2021
နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၁ လ သတ်မှတ်၊ CDM တံခါး အမြဲဖွင့်ထားမည်
Donate to DVB

စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့လူထုလှုပ်ရှားမှု နွေဦးတော်လှန်ရေးမှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက်ပေးသွားရတဲ့ အာဇာနည်သူရဲကောင်းတွေအတွက်  ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့  မတ်လ ၁၂ ရက်မှ ဧပြီ ၁၁  ရက်အထိ  အချိန် ၁ လ သတ်မှတ်လိုက်တယ်လို့  CRPH ရဲ့ ခတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ 

“မမြသွဲ့သွဲ့ခိုင် သေနတ်နဲ့ အပစ်ခံခဲ့ရတဲ့ ၁၂ ရက်၊ ၂ လ၊ ၂၀၂၁ ကို အမှတ်ရတဲ့အနေနဲ့ ၁၂ ရက်နေ့ကစ သတ်မှတ်လိုက်ပါတယ်။ ဒီတလအတွင်းမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အလံတိုင်တဝက်လွင့်ထူမယ်။ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဘာသာအသီးသီးက အခမ်းအနား ကျင်းပမယ်။ ဆုတောင်းပွဲတွေ ကျင်းပမယ်။ ကုသိုလ်ပြုတဲ့ပွဲတွေ ကျင်းပမယ်။ မီးထွန်း ဆုတောင်းပွဲတွေ ညမှာ ကျင်းပမယ်။ ကမ္ဘာမကြေဘူး သီချင်းနဲ့ သွေးသစ္စာ သီချင်းကို မနက်တိုင်း ၉ နာရီမှာ သံပြိုင်သီဆိုရမယ်။ ဆန္ဒမပြခင် ၁ မိနစ် ငြိမ်သက်ပြီးတော့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အလေးပြုကြမယ်။ အထိမ်းအမှတ် ကျောက်စာတိုင်တွေ စိုက်ထူမယ်။ အသက်ပေးပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည် ညီမလေး၊ ညီလေးတို့အတွက် မင်းတို့ လိုချင်တဲ့၊ မင်းတို့ တိုက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရေစီနဲ့ စစ်အာဏာရှင် လုံးဝအမြစ်ပြတ်ချေမှုန်းရေးကို မရမချင်း၊ မအောင်မြင်မချင်း ငါတို့လည်း အသက်ပေးပြီး တိုက်ပွဲဝင်သွားမယ်လို့ ဒီနေရာမှ ကတိပြုလိုက်တယ်။ အရေးတော်ပုံ အောင်ရမည်။” လို့   ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အမိန့်ကိုမလိုက်နာဘဲ  အာဏာဖီဆန်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်မယ့် နိုင်ငံဝန်ထမ်းတွေအတွက် အမြဲတမ်း တံခါးဖွင့်ထားတယ်လို့လည်း ပြောပါတယ်။ 

“CDM တံခါးပိတ်မယ်လို့ ကျနော် ပြောခဲ့တယ်။ ဘယ်တော့မှ မပိတ်တော့ပါဘူး။ အမြဲဖွင့်ထားပါမယ်။ ဝင်ချင်တဲ့သူ၊ အမှန်တရားအတွက် တံခါးကို အမြဲတမ်း ဖွင့်ထားပါတယ်။ မသိသား ဆိုးဝါးပြီး မျက်စိမှိတ်ပြီး အဓမ္မနဲ့ တရားကို သိရက်နဲ့၊ မကောင်းမှုကို သိရက်နဲ့ ထောက်ပံ့နေတဲ့သူတွေ၊ CDM မလုပ်တဲ့သူတွေကိုတော့ ဖယ်ကြဉ်ထားရမှာပဲ ဖြစ်ပါတယ်။” 

အာဏာသိမ်းစစ်အုပ်စုအနေနဲ့  ဆေးရုံဝင်းထဲအထိ ဝင်ရောက်ပစ်ခတ်မှုတွေ လုပ်နေပြီး  သွေးရူးသွေးတန်းဖြစ်နေပြီလို့လည်း ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။ 

“အခြေအနေကတော့ အတော့်ကိုဆိုးနေပြီ။ တကယ်ကို သွေးရူးသွေးတန်းဖြစ်နေပြီ။ ကျောင်းတွေထဲ ဝင် ဆေးရုံတွေထဲဝင်၊ တက္ကသိုလ်တွေထဲဝင် ဟိုပစ်ဒီပစ်၊ မပစ်ရဘူးဆိုတာလည်း သိပုံမရပါဘူး၊ ဟိုဖမ်း၊ ဒီဖမ်း၊ ဟိုဟာလုပ်ရမလို ဒီဟာလုပ်ရမလို ဘယ်ဟာမှလည်း အဆင်မပြေနဲ့ သူတို့တတွေတော့ အတော်လေးယောက်ယက်ခတ်နေပြီ။ ကျနော်တို့ကတော့ အခြေအနေ ကောင်းပါတယ်။ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတယ်။ တစိတ်တည်း တဝမ်းတည်းပါပဲ။ ဘုံရည်မှန်းချက်နဲ့ ရန်သူကို ရှင်းလင်းဖို့ပဲပေါ့။ အားလုံး သဘောတူကြပါတယ်။ CDM ဆိုလည်း ပါဝင်လာတဲ့သူတွေ ဝင်လာမစဲ တသဲသဲပါပဲ။ ပြည်သူ့ရဲသားတွေ၊ ပြည်သူ့စစ်သားတွေ၊ ပြည်သူ့ ဝန်ထမ်းတွေ၊ ပြည်သူ့သံတမန်တွေ၊ ပြည်သူ့ဆေးဝန်ထမ်းတွေ၊ ပြည်သူ့ဘဏ်ဝန်ထမ်းတွေ၊ သေနတ်နဲ့ ခြိမ်းခြောက်ပြီး ခိုင်းလို့ရတဲ့အလုပ်မဟုတ်ပါဘူး။ ပညာတတ်ပညာရှင်တွေကို သေနတ်နဲ့ ခြိမ်းခြောက်ပြီး ခိုင်းလို့မရဘူး။ လူလိုတွေးတတ်ပြီး လူလိုနေတဲ့လူတွေကို ဒီလိုမျိုးလုပ်လို့မရဘူး။ ပိုဆိုးမှာပေါ့။ ကျနော်တို့တောင် စည်းရုံစရာမလိုပါဘူး။ ပိုပြီးဝင်လာမယ်၊ ပိုပြီးရောက်လာမယ်။ ဆေးရုံတွေ၊ ကျောင်းတွေထဲကို စစ်တပ်တွေ ဝင်လေ၊ ဝန်ထမ်းတွေ CDM ပိုလုပ်လေပဲ ဖြစ်ပါတယ်။ နိုင်ငံတကာ ဆိုလည်း အလားတူပါပဲ။ နိုင်ငံတကာဆက်ဆံရေး ဆိုလည်း သူတို့ဘက်မှာ သူတို့ဆရာတောင် မရှိဘူး။ သူတို့သူငယ်ချင်းတွေလည်း မရှိတော့ဘူး။ တနေ့တခြား အကြဉ်ခံ၊ အပယ်ခံ ဖြစ်လာကြပြီ။ ပြည်သူအပေါင်းတို့နဲ့ Generation Z အပေါင်းတို့ခင်ဗျာ…. အားလုံး လိမ္မာပါးနပ်စွာနဲ့ ရှောင်ကြဉ်ပြီးတော့ ငြိမ်းချမ်းစွာ ဆန္ဒပြကြပါ။ ထိပ်တိုက်မတွေ့ပါနဲ့။ သူတို့ဘာသာသူတို့ ထားလိုက်ပါ။ သူတို့ ဘာမှဖြစ်မှာ မဟုတ်တော့ဘူး။ အထိအခိုက်မခံပါနဲ့။” 

ဒေါက်တာဇော်ဝေစိုးကို အာဏာသိမ်းစစ်အုပ်စုက  ဖမ်းဝရမ်းထုတ်ထားသလို  ဆေးမကုဘူးလို့လည်း စစ်ကောင်စီရဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး  ဒေါက်တာဇော်ဝေစိုးက “ ကျနော့်ကို ဆေးမကုဘူးလို့ ပြောတယ်။ တသက်လုံး နေ့မအိပ် ညမအိပ် ဆေးကုပေးနေတဲ့ ပါမောက္ခချုပ်၊ ပါမောက္ခ၊ အထူးကုဆရာဝန်ကြီး ဒေါက်တာဇော်ဝေစိုးပါ။ ဘယ်သူ့ကိုမဆိုလည်း ဆေးကုပေးပါတယ်။”လို့ ပြောပါတယ်။ 

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒေါက်တာဇော်ဝေစိုးကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွေရဲ့ ခတ္တပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013