DVB Logo
Home
Lead Story
အမျိုးသမီးစစ်မှုထမ်းသင်တန်း ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်
DVB
·
August 10, 2026
Photo: CINCDS
Photo: CINCDS
Donate to DVB

အမျိုးသမီးစစ်မှုထမ်းသင်တန်းကို ဩဂုတ် ၁၀ ရက် ဒီကနေ့  စတင်ဖွင့်လှစ်ဖို့ရှိတယ်လို့  မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) က ဩဂုတ် ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီရက်ပိုင်းထဲမှာ ရန်ကုန်တိုင်း၊ မှော်ဘီမြို့ အမှတ် ၄ အရာခံနဲ့ အကြပ်ကြီးသင်ကျောင်းကို သင်တန်းသူတွေ ရောက်ရှိလာခဲ့တယ်လို့လည်း  MDSI ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက “ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ဖွင့်လှစ်တဲ့ သင်တန်း ဖြစ်ပါတယ်။ ဒီသတင်းက ကျနော်တို့ သတင်းရထားတဲ့ သတင်းရင်းမြစ်တွေအရဆိုရင် ဒီသတင်းက သေချာသလောက် ဖြစ်ပါတယ်။ အဲဒါကြောင့် ဒါက ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ အမျိုးသမီးစစ်မှုထမ်း သင်တန်းကို ဒါ ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်တာလို့ ကျနော်တို့ ပြောလို့ရပါတယ်” လို့ ပြောပါတယ်။

၂၀၂၅ ဩဂုတ်လတုန်းက ရကသ ၄ မှာ အမျိုးသမီးစစ်မှုထမ်းသင်တန်း အမှတ်စဉ် ၁ ဖွင့်လှစ်ခဲ့တယ်လို့ MDSI က ကြားသိခဲ့ရပေမဲ့ အဲဒီတုန်းက ပုံမှန်စစ်သင်တန်းအနေနဲ့သာ ဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်။

ရကသ ၄ ဆိုတာကတော့ အမျိုးသမီးတပ်ကြပ်ကြီး၊ အမျိုးသမီးစာရေးသင်တန်းနဲ့ အမျိုးသမီး အခြေခံတပ်သားသစ် သင်တန်းကို ပုံမှန်ဖွင့်လှစ် လေ့ကျင့်ပေးနေတဲ့ အမျိုးသမီး စစ်သင်တန်းကျောင်း ဖြစ်ပါတယ်။

သင်တန်းသူအများစုဟာ ရန်ကုန်မြို့ စက်ရုံအလုပ်ရုံက အလုပ်သမားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။ ဒီအမျိုးသမီးစစ်မှုထမ်းသင်တန်းကို ရကသ ၄ နဲ့ စစ်သင်တန်းကျောင်းတချို့မှာ လက်ခံလေ့ကျင့်ပေးမယ်လို့လည်း သိရပါတယ်။

တချိန်တည်းမှာပဲ ရန်ကုန်မြို့နဲ့ မြို့ပြဒေသတွေမှာ အမျိုးသမီးငယ်အချို့ ပျောက်ဆုံးမှု၊ ဖမ်းဆီးစုဆောင်းခံရမှုတွေ ရှိခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။

ရန်ကုန်က စက်မှုဇုန်တွေမှာ အမျိုးသမီးငယ်တွေကို စစ်မှုထမ်းသင်တန်းတက်ဖို့ စည်းရုံးမှုတွေ ရှိနေသလို အမျိုးသမီးငယ်တချို့လည်း ပျောက်ဆုံးနေတယ်လို့ လှိုင်သာယာမြို့နယ်က အမျိုသမီးတယောက်က ပြောပါတယ်။

“စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့ အမျိုးသမီးတွေကို စစ်မှုထမ်း သင်တန်းတက်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဆီကတဆင့် စည်းရုံးတာတွေရှိတယ်လို့ ကြားတယ်။ တချို့ မိန်းကလေးတွေလည်း ပျောက်သွားကြတာမျိုးတွေလည်း ရှိတယ်။ စစ်မှုထမ်း ဖမ်းဆီးခံရတာလားတော့ မသိဘူး။ စက်မှုဇုန်တွေမှာက ရန်ကုန်ကထက် နယ်ကလာလုပ်နေကြတဲ့ မိန်းကလေးငယ်တွေ ပိုများတယ်။”

စစ်အာဏာရှင်တပ်ဟာ ရန်ကုန်မြို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူတွေက တဆင့် စစ်မှုထမ်းဖို့ ဆင့်ခေါ်တာ၊ ကြေးစားလူမိုက်တွေနဲ့ ဖမ်းခေါ်တာ ဆက်တိုက်ပြုလုပ်နေတာလို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

၂၀၂၅ နှစ် အစပိုင်းကတည်းက စစ်အာဏာရှင်တပ်က ရန်ကုန်ရဲ့ မြို့နယ်တချို့မှာ အသက်ပြည့်ပြီးသား အမျိုးသမီး လူငယ်တွေရဲ့ အသက်အရွယ်၊ ပညာအရည်အချင်းနဲ့ နောက်ခံအချက်အလက်တွေ လိုက်လံကောက်ယူခဲ့ပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် တိုင်းပြည်ရဲ့ လူမှုစီးပွားတရပ်လုံးကို ကြီးမားစွာ ထိခိုက် သက်ရောက်နေရချိန်မှာ အမျိုးသမီးစစ်မှုထမ်းသင်တန်းကိုပါ ထပ်တိုးဖွင့်လှစ်တာလို့ MDSI က ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့တာဖြစ်ပြီး လက်ရှိမှာ အမျိုးသားစစ်မှုထမ်း အပတ်စဉ် ၂၇ ကို ရောက်ရှိနေပြီဖြစ်ကာ စစ်မှုထမ်းဥပဒေကို ဆက်ကျင့်သုံးမယ်လို့ ဇူလိုင် ၃၁ ရက်နေ့ လွှတ်တော်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013