DVB Logo
Home
မြန်မာသတင်း
စားသုံးဆီဈေး မြင့်နေသော်လည်း ရွှေဘိုက  နှမ်းစိုက်တောင်သူများ အရှုံးပေါ် 
DVB
·
August 8, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စားသုံးဆီဈေး အဆမတန် မြင့်တက်နေပေမဲ့ နှမ်းစိုက်တောင်သူတွေ အနေနဲ့ နှမ်းအထွက်နှုန်းနည်းပြီး သွင်းအားစုစရိတ် မြင့်မားတာ၊ ဈေးကောင်း မရတာတွေကြောင့် အရှုံးပေါ်နေတယ်လို့ တောင်သူတွေက ပြောပါတယ်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ရက် ၁၀၀ စီမံချက်အတွင်း နိုင်ငံခြားငွေသုံးစွဲမှု ချွေတာရေးနဲ့ သွင်းကုန်ပိတ်ပင်ရေး မူဝါဒအရ စက်သုံးဆီနဲ့ စားသုံးဆီ ပြည်ပကနေ တင်သွင်းမှုကို လျှော့ချ ရမယ်လို့ ဇူလိုင် ၇ ရက်နေ့က နေပြည်တော် အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

အဲဒီမိန့်ခွန်းပြီးတဲ့နောက် ရွှေဘိုမြို့ စစ်အာဏာရှင်အဖွဲ့က စားသုံးဆီ အရောင်းဆိုင်တွေကို ဝင်ရောက် စစ်ဆေးပြီး ကန့်သတ်ရောင်းချခိုင်းတာကြောင့် ဆီမှောင်ခိုဈေးကွက် ကြီးထွားလာပြီး စားသုံးဆီဈေး အဆမတန် မြင့်တက်သွားခဲ့တာလို့ ကုန်သည်တွေက ပြောပါတယ်။

​လက်ရှိ ရွှေဘိုမြို့ရဲ့ စားသုံးဆီ ရည်ညွှန်းဈေးမှာ တပိဿာကို အမျိုးအစားလိုက် ကျပ် ၈,၅၀၀ ကနေ ၉,၅၀၀ အထိ သတ်မှတ်ထားပေမဲ့ ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီ တပိဿာ ကျပ် ၂၀,၀၀၀၊ နှမ်းဆီတပိဿာ ကျပ် ၂၃,၀၀၀ နဲ့ မြေပဲဆီ တပိဿာကို ကျပ် ၂၅,၀၀၀ အထိ ဈေးပေါက်နေပါတယ်။

ဒါပေမဲ့ နှမ်းဈေးကွက်မှာတော့ နှမ်းတတင်းကို အမြင့်ဆုံး ကျပ် ၁,၆၀,၀၀၀ ပဲ ရရှိတာကြောင့် စားသုံး ဆီဈေးတက်နေပေမဲ့ နှမ်းတောင်သူတွေမှာတော့ အမြတ်မကျန်ဘဲ အရင်းသာသာရပြီး အရှုံးပေါ်နေကြတယ်လို့ နှမ်းစိုက်တောင်သူတယောက်က ပြောပါတယ်။ 

ဒေသခံ တောင်သူတယောက်က “ဆီဈေးကတော့ တက်တယ်။ နှမ်းဈေးက မတက်ဘူး။ အထွက်နှုန်း က မကောင်း၊ သွင်းအားစုဈေးကတက်နဲ့ နှမ်တဧကကို ၁၅ သိန်း ကုန်ပေမဲ့ ၁၀ တင်းအောက်ပဲ ထွက်တယ်။ ဈေးကလည်း နှမ်းတတင်းကို အလွန်ကောင်းမှ ၁ သိန်း ၆ သောင်းပဲ ရတာဆိုတော့ တောင်သူတွေရတဲ့ နှမ်းဈေးနဲ့ ကုန်ကျစရိတ်မညီမျှဘဲ အရှုံးပြနေပါတယ်။ စစ်တပ်ရဲ့ ပြည်ပဆီ တင်သွင်းမှုလျှော့ပြီး ပြည်တွင်းဆီထွက်သီးနှံပိုစိုက်ခိုင်းတဲ့ မူဝါဒဟာ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သွင်းအားစုဈေးကျအောင်လုပ်ပေးပြီး ထွက်ကုန်ဈေးတက်အောင် လုပ်မပေးနိုင်ရင် အရှုံးခံပြီး ဘယ်သူမှ နှမ်းစိုက်ကြမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

နှမ်းစိုက်ပျိုးရာမှာ တဧကကို ကုန်ကျစရိတ် ငွေကျပ် ၁၅ သိန်းနဲ့အထက် ကုန်ကျပြီး မြေအမျိုးအစားပေါ် မူတည်လို့ တဧကကို နှမ်း ၁၀ တင်းကနေ ၁၅ တင်းအထိ ထွက်ရှိနိုင်ပေမဲ့ လယ်ဧကအများစုမှာတော့ တဧကကို ၁၀ တင်းအောက်ပဲ ထွက်ရှိတယ်လို့ တောင်သူတွေက ဆိုပါတယ်။ 

ရွှေဘိုမြို့နယ်မှာ အရင်က စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ချည်ထည်လုပ်ငန်းတွေမှာ ဈေးကောင်းရပြီး အမြတ်ကျန်ခဲ့ပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးမြင့်တက်မှုနဲ့ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် သွင်းအားစုဈေးတက်ကာ ထွက်ကုန်ဈေးမရတော့ဘဲ အမြတ်မကျန် အရှုံးပေါ်ကာ လုပ်ငန်းလည်ပတ်ရုံလောက်ပဲ လုပ်ကိုင်နေရကြောင်း သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013