
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက မနက်ဖန် တနင်္ဂနွေနေ့မှာ ထိပ်တိုက်တွေ့ရမဲ့ အာဆင်နယ် အသင်းရဲ့ ကစားဟန်ကို သူကိုယ်တိုင် သဘောကျသလို သူတို့ဆီကနေ သင်ယူစရာတွေ အများကြီး ရှိတယ်လို ပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ဇယားကို ၆ မှတ်အသာနဲ့ ဦးဆောင်နေပြီး ၂၂ နှစ် အကြာမှာ ပထမဆုံးအကြိမ် ဆုဖလားရယူနိုင်ဖို့ အခြေအနေကောင်းနေတာပါ။
ဂွါဒီယိုလာက အာဆင်နယ်ရဲ့ ဆုဖလား ငတ်မွတ်နေတဲ့ စိတ်ဓာတ်ဟာ သူတို့အတွက် အားသာချက် ဖြစ်နေပြီး တနင်္ဂနွေနေ့ပွဲမှာသာ မန်စီးတီး ရှုံးနိမ့်ခဲ့ရင် ဖလားမျှော်လင့်ချက် "ပြီးဆုံးသွားပြီ" လို့လည်း ဝန်ခံခဲ့ပါတယ်။
Opta ရဲ့ တွက်ချက်မှုအရ အာဆင်နယ်ရဲ့ ဖလားရနိုင်ခြေဟာ ၈၇ ရာခိုင်နှုန်း ရှိနေပြီး မန်စီးတီး ကတော့ ၁၃ ရာခိုင်နှုန်းပဲ ရှိပါသေးတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့လက ကာရာဘောင်ဖလား ဗိုလ်လုပွဲမှာ အာဆင်နယ်ကို အနိုင်ယူထားနိုင်တဲ့ စိတ်ဓာတ်ပိုင်း အသာစီးရမှုကို အသုံးချပြီး ဖိအားပေးသွားဖို ဂွါဒီယိုလာက ပြင်ဆင်နေပါတယ်။










