
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်မှာ ဇွန် ၂၄ ရက် ညဦးပိုင်းက စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချခဲ့တာကြောင့် ဒေသခံလင်မယား ၂ ယောက် အခင်းဖြစ်နေရာမှာ သေဆုံးကာ သမီးဖြစ်သူလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လူထုသတင်းကွန်ရက် မလှိုင်မြို့ရဲ့ တာဝန်ခံက “တောင်သာနယ်ထဲက စစ်တပ်အထိုင်စခန်းကနေ လွှတ်တင်လိုက်တဲ့ဒရုန်းက ကျနော်တို့ မလှိုင်မြို့နယ်ထဲက သဘွတ်ကုန်းရွာထိပ်က အိမ်တလုံးပေါ်ကို ည ၇ နာရီလောက်မှာ ဗုံးတလုံး ကြဲသွားခဲ့တာပါ။ အဲဒါကြောင့် အဲဒီအိမ်မှာ ရှိနေကြတဲ့ မိသားစု ၃ ယောက်ထဲမှာ မိဘ ၂ ယောက် ဆုံးပြီးတော့ ၁၄ နှစ်အရွယ် သမီးဖြစ်သူက ခြေထောက်မှာ အပြင်းအထန် ဒဏ်ရာရသွားပါတယ်” လို့ ပြောပါတယ်။
သေဆုံးသွားကြသူတွေဟာ အသက် ၄၀ ဝန်းကျင်ရှိကြတဲ့ ဦးဝင်းအောင်နဲ့ ဒေါ်ခင်စန်းရီတို့ ဇနီးမောင်နှံ ၂ ယောက်ဖြစ်ပြီး သမီးဖြစ်သူ အသက် ၁၄ နှစ်အရွယ် မငွေမန်းသူလည်း ခြေထောက်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားတာကြောင့် မလှိုင်မြို့က ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အဆိုပါ သဘွတ်ကုန်းကျေးရွာမှာ စစ်တပ်ဘက်က စစ်ကြောင်းထိုးတာတွေ မရှိသလို တော်လှန်ရေး တပ်ဖွဲ့တွေလည်း အထိုင်ချနေထိုင်နေကြတာ မရှိဘူးလို့လည်း ဆိုပါတယ်။
မလှိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့ ရဲဘော်ဒီမိုက “အဲဒီနေ့ မနက်ပိုင်းမှာ တောင်သာနယ်ထဲက ရေခါးရွာ ဘုန်းကြီးကျောင်းက ခေါ်လို့ဆိုပြီး ရုံးစည်ကြီးဘက်က တက်လာတဲ့ စစ်ကြောင်းက နေ့လယ်ပိုင်းမှာ ရေခါးရွာဘုန်းကြီးကျောင်းကို ရောက်လာပြီး တပ်စွဲနေကြတယ်။ သဘွတ်ကုန်းရွာကို ဗုံးကြဲသွားတဲ့ဒရုန်းက အဲဒီဘုန်းကြီးကျောင်းထဲကနေ လွှတ်လိုက်တာ။ သဘွတ်ကုန်းမှာကော ရွာနီးနားဝန်းကျင်တွေမှာပါ ကျနော်တို့ဘက်က အထိုင်ချနေတာ မရှိပါဘူး။ မလှိုင်နယ်ထဲကို စစ်တပ်စစ်ကြောင်းတွေ ဝင်လာနေပြီး ရွာတွေမှာ အထိုင်ချနေတာတွေ ရှိနေပေမဲ့ တိုက်ပွဲဖြစ်နေတာတွေတော့ မရှိသေးပါဘူး” လို့ DVB ကို ပြောပါတယ်။
မလှိုင်မြို့နယ်ထဲကို စစ်တပ်စစ်ကြောင်းတွေ ဝင်ရောက်လာတာကြောင့်လည်း စစ်ကြောင်းထိုးခံရတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတချို့ဟာလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေကြတယ်လို့ သူက ဆက်ပြောပါတယ်။
လက်ရှိအနေအထားအထိ မလှိုင်မြို့နယ်အတွင်းက ပန်းအိုင်ကျေးရွာ၊ ဝမ်းဘဲလူးသရက်ကန် ကျေးရွာ၊ ဉာဏ်ကန်ကျေးရွာနဲ့ ရွာသာအေးကျေးရွာတွေမှာ စစ်တပ်လက်အောက်ခံတွေ အထိုင်ချ တပ်စွဲနေကြတာကြောင့် ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရသလို မလှိုင်မြို့နယ်နဲ့ တောင်သာမြို့နယ်အစပ်မှာ ရှိကြတဲ့ ဒေသခံ ပြည်သူတွေ အပါအဝင် စစ်ဘေးရှောင်ပြည်သူတွေ၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ နေနဲ့လည်း စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေအပြင် လက်နက်ကြီးရန်နဲ့ လေကြောင်းရန်အန္တရာယ်ကို အထူးဂရုစိုက်ကြဖို့ မလှိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေ ဘက်က သတိပေးတိုက်တွန်းထားပါတယ်။










