
ကရင်အမျိုးသား အစည်းအရုံး (KNU) ခေါင်းဆောင်တွေနဲ့ CRPH ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာတို့ မတ် ၅ ရက်နေ့က အွန်လိုင်းကနေတဆင့် မြန်မာအရေး ဆွေးနွေးခဲ့တယ်လို့ ဒေါက်တာ ဆာဆာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေတဆင့် အသိပေးခဲ့ပါတယ်။
ဒေါက်တာ ဆာဆာဟာ KNU ခေါင်းဆောင်တွေဖြစ်တဲ့ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှုး ပဒိုစောတာဒိုး၊ လက်ထောက်အတွင်းရေးမှူး Nimrod Andrew တို့နဲ့ လက်ရှိ စစ်အာ ဏာ သိမ်းမှု အရေးနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့တာလို့ ဆိုပါတယ်။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်အောင်မြင်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်ထွန်းရမယ်လို့ ဒေါက်တာဆာဆာက ရေးထားပါတယ်။
စစ်အာဏာရှင်စနစ်ကို နိုင်ငံတကာနဲ့ပေါင်းပြီး အမြစ်ပြတ် သုတ်သင်ရှင်းလင်းသွားမယ်လို့ KNU တပ်မဟာ ၅ က မတ် ၅ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ကြေညာထားပါတယ်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအပါအဝင် နိုင်ငံရေး ရည်မှန်းချက်တွေကို မနေ့က ထုတ်ပြန်ထားပါတယ်။










