
စစ်တပ် အာဏာသိမ်းပြီး ၁ လအကြာမှာ ပြည်ပတင်ပို့နေတဲ့ ငါးစျေးကွက် ရာနှုန်းပြည့် နီးပါး ရပ်ဆိုင်းသွားပြီဖြစ်သလို လုပ်ငန်း ပြန်လည်ပတ်ဖို့ အတော်လေး စဉ်းစားရမယ့် အခြေအနေ ရောက်ရှိသွားပြီးလို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။
မွန်ပြည်နယ်က ထွက်ရှိနေတဲ့ ငါးတွေကိုတော့ တရုတ်၊ မလေးရှာအပါအဝင် စင်ကာပူနိုင်ငံတွေကို အဓိက တင်ပို့နေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြည်ပ တင်ပို့နေတဲ့ ငါးစျေးကွက် ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းသွားပြီးလို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူက ပြောပါတယ်။
အခုလို အခြေအနေကြောင့် လာမယ့် ငါးဖမ်းရာသီမှာ ငါးလုပ်ငန်း ပြန်လုပ်ဖို့လည်း အတော်လေး စဉ်းစားရမယ့် အခြေအနေကို ရောက်ရှိသွားပြီလို့ မွန်ပြည်နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမြင့်စိုးက ပြောပါတယ်။
မွန်ပြည်နယ်က ပြည်ပတင်ပို့နေတဲ့ ငါးစျေးကွက်ဟာ ပြီးခဲ့တဲ့ ကိုဗစ်ကပ်ရောဂါကြောင့် သက်ရောက်မှုတွေ ရှိခဲ့သလို အခုအခါမှာတော့ ပိုပြီး အခြေအနေ ဆိုးဝါးလာခဲ့တာလို့ ဆိုပါတယ်။
အခုအခါ ပြည်ပ ငါးတင်ပို့ခွင့် မရတဲ့အတွက်ကြောင့် ငါးလုပ်ငန်းရှင်တွေ အခက်အခဲ မျိုးစုံနဲ့ ရင်ဆိုင်နေရတယ်လို့ မော်လမြိုင်ဟိုဒင်း ကုမ္ပဏီလီမိတက် အအေးခဲစက်ရုံ ဒါရိုက်တာ ဦးအောင်သက်ဌေးက ပြောပါတယ်။
မွန်ပြည်နယ်ထွက် ငါးတွေ ပြည်ပ တင်ပိုခွင့် မရတဲ့အတွက်ကြောင့် ငါးလုပ်ငန်းရှင် အများစု အရှုံးနဲ့ရင်ဆိုင်ရပြီး မကြာမီ ကာလအတွင်းမှာ အလုပ်သမား ထောင်ချီ အလုပ်လက်မဲ့ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်က ထွက်ရှိတဲ့ ရေသယံဇာတ ပစ္စည်းဖြစ်တဲ့ ငါးပုဇွန် နှစ်စဉ် ပြည်ပနိုင်ငံတွေကို တန်ထောင်ချီ တင်ပို့ရောင်းချခဲ့ရပေမယ့် အခုအခါမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်ပ ငါးတင်ပို့ခွင့် ရာနှုန်းပြည့်နီးပါး ရပ်ဆိုင်းသွားပြီး ဖြစ်ပါတယ်။