DVB Logo
Home
Lead Story
သန်မာသောကျောရိုးများနှင့် မြန်မာ့နွေဦး
DVB
·
March 3, 2021
သန်မာသောကျောရိုးများနှင့် မြန်မာ့နွေဦး
1 / 4
Donate to DVB

၂၀၀၃ ခုနှစ်က အမေရိကန်သတင်းစာဆရာမ ရီနာပက်ဒါစန် ( Rena Pederson)ဟာ နေအိမ်အကျယ်ချုပ်ကျတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မြန်မာ့နွေဦးလို့ အမည်ပေးထားတဲ့ သူ့ရဲ့စာအုပ်မှာ အဲဒီတွေ့ဆုံမှုအကြောင်းကို မှတ်တမ်းတင်ထားပါတယ်။

-  -  - “နှစ်ပေါင်း ၁၃ နှစ်ကြာအောင် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတာဆိုတော့ ကျန်းမာရေးအခြေအနေ ဘယ်လိုရှိပါသလဲရှင်” ဟု ပထမဆုံးမေးခွန်းအဖြစ် ကျွန်မက မေးလိုက်သည်။

နေအိမ်အကျယ်ချုပ်ကျနေသည့်ကာလအတွင်း  ဒေါ်အောင်ဆန်းစုကြည်သည် အစာငတ်ခံဆန္ဒပြခဲ့သည်။  ရက်ပေါင်း ၁၂ ရက်အတွင်း ကိုယ်အလေးချိန် ၁၂ပေါင် ကျသွားသည်။ နောက်ဆုံးတော့ အကြောဆေးသွင်းပြီး ကုသခဲ့ရသည်။ တစ်ခါတွင်လည်း  ငွေပြတ်သွားသဖြင့် အစားအသောက်မဝယ်နိုင်ခဲ့။ အာဟာရပြည့်ဝအောင် မစားရသဖြင့် ဆံပင်များပင် ကျွတ်ကုန်သည်။

“ကျောရိုးအဆစ်ရောင်တဲ့ဝေဒနာတစ်ခုပဲ ရှိပါတယ်၊ ကျန်တာအားလုံး ကောင်းတယ်”

ဒေါ်အောင်ဆန်းစုကြည်က ပြန်ဖြေသည်။ ကျောရိုးအဆစ်ရောင်ခြင်း သက်သာစေရန်အတွက် လည်ပင်းလေ့ကျင့် ခန်းကို လုပ်နေသည်ဟု ပြောပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် သူ့ကိုယ်သူသရော်သည့် အပြုံးကို ပြုံးရင်း      “ တကယ်တော့ ကျွန်မတို့ မြန်မာနိုင်ငံသားတွေအားလုံး ကိုယ့်ကျောရိုးကို သန်မာအောင် လုပ်ထားဖို့လိုလိမ့်မယ်”    ဟု ပြောပါသည်။ -  -  -

၁၉၉၆ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ပါသောကားတန်းမှာ အတိုက်ခိုက်ခံရသည်။ သူစီးလာသောကားကို ကျောက်ခဲများဖြင့် ပစ်ပေါက်သည်။သံချောင်းများဖြင့် ထုရိုက်သည်။ ကားကိုယ်ထည်ပေါက်သွားသည်အထိ သံချောင်းဖြင့် ထိုးသည်။ အဓိကရုဏ်းနှိမ်နင်းရေးရဲအဖွဲ့နှင့် စစ်သားများရောက်လာသော်လည်း တိုက်ခိုက်သူများကို  အရေးယူဖယ်ရှားပေးခြင်းမရှိ။ ယင်းတိုက်ခိုက်မှုကို မျက်မြင်တွေ့မြင်သည့် အန်အယ်လ်ဒီထောက်ခံသူများကိုသာ ဖမ်းဆီးခဲ့သည်။

ထိုကာလတွင် အသက်ဆုံးသွားသည်အထိ လုပ်ကြံတိုက်ခိုက်မှုများကို ဒေါ်အောင််ဆန်းစုကြည်သည် အမြဲမပြတ် ခံစားနေရသည်။ လုပ်ကြံတိုက်ခိုက်မှုများကို မကြောက်ဘူးလားဟု ကျွန်မက မေးလိုက်သည်။ ကျွန်မမေးခွန်းကို ကြားရသည့်အခါ သူက ပြုံးသည်။ မျက်ခုံးတစ်ဖက်ကို အသာပင့်ပြီး “ ကြောက်ရမှာတဲ့လား၊ ကျွန်မကြောက် သွားအောင် တိုက်ခိုက်နေတာဆိုရင်တော့ သူတို့ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး” ဟု ဖြေသည်။ -  -  -  -

အင်္ဂလိပ်စာလုံး “ Spine” ဟာ ကျောရိုးလို့ အနက်အဓိပ္ပါယ်ရှိသလို လူတစ်ယောက်ရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ ဇွဲသတ္တိကိုလည်း ရည်ညွှန်းပါတယ်။ “ မြန်မာပြည်သူအားလုံး ကျောရိုးတွေ သန်မာအောင်လုပ်ထားဖို့လိုတယ်” ဆိုတဲ့စကားကို ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့အချိန်က သူဟာ နေအိမ်အကျယ်ချုပ်ကျနေပါတယ်။ အာဏာသိမ်းစစ်အစိုးရက မြန်မာနိုင်ငံသားများအပေါ် အကြမ်းဖက်အုပ်စိုးနေတဲ့အချိန် ဖြစ်ပါတယ်။ ဖမ်းဆီးမှုတွေ၊  နှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေနဲ့ အကြောက်တရားကို ဖန်တီးပြီး အုပ်ချုပ်နေတဲ့အချိန်ပါ။

ဒေါ်အောင်ဆန်းစုကြည်က အာဏာရှင်စနစ်ရဲ့ ဗျူဟာကို ကောင်းကောင်းနားလည်ပါတယ်။ အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့အတွက် လူတွေမှာ မကြောက်တရားကိန်းဝပ်ရလိမ့်မယ်လို့ ရှင်းရှင်းလင်းလင်း သိနေခဲ့တယ်။    “ မကြောက်မိပါစေနဲ့၊  တစ်ခါကြောက်မိသွားရင် နောက်လည်း ဆက်ကြောက်နေရလိမ့်မယ်” လို့ သူက အကြောက်တရားနဲ့ပတ်သက်ပြီး ပြည်သူတွေကို သတိပေးပါတယ်။ ဒါဟာ သူ့ရဲ့ စိတ်ဓာတ်ရေးရာခံယူချက်တစ်ခု ဖြစ်သလို အာဏာရှင်စနစ်အောက်က  လွတ်မြောက်ဖို့ လမ်းညွှန်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ရက်နေ့က စစ်ခေါင်းဆောင်များဟာ နိုင်ငံတော်အာဏာကို အဓမ္မသိမ်းပြီး စစ်ကောင်စီနဲ့အုပ်ချုပ်မယ်လို့ ကြေညာလိုက်ပါတယ်။ အဲ့ဒီနောက်မှာ အကြောက်တရားရပ်ဝန်းကို အကြီးအကျယ်တည်ဆောက်လာပါတယ်။ သန်းနဲ့ချီတဲ့ ဆန္ဒပြပြည်သူတွေကို ခြိမ်းခြောက်တာတွေ၊ သတ်ဖြတ်တာတွေ၊ ဖမ်းဆီးတာတွေ လုပ်လာပါတယ်။ နေ့ခင်းကြောင်တောင်မှာ ဦးခေါင်းကို တည့်တည့်ပစ်ပြီး သတ်ဖြတ်ပြတယ်။ ညအချိန်မှာ လက်နက်ကိုင်တပ်သားအများအပြားနဲ့ ပြန်ပေးဆွဲသလို ဖမ်းဆီးပြတယ်။ ပြည်သူချစ်တဲ့ နိုင်ငံရေးသမားတွေ၊ စာပေအနုပညာရှင်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေကို အမဲလိုက်သလို လိုက်ပြတယ်။ စစ်အာဏာရှင်စနစ်ရဲ့ နည်းလမ်းဟောင်းကြီးအတိုင်း ပြည်သူလူထုကို ကြောက်လန့်အောင်ကြိုးပမ်းနေခြင်းပါပဲ။ အကြောက်တရားဖန်တီးတဲ့နည်းနဲ့ ( ၁၉၆၂ ခုနှစ်နဲ့ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုတွေနည်းတူ)  နှစ်ပေါင်း ၂၀ကျော် ဆက်အုပ်ချုပ်သွားနိုင်လိမ့်မယ်လို့ သူတို့  မျှော်လင့်နေကြတယ်။

သူတို့မျှော်လင့်သလို မဖြစ်ခဲ့ပါဘူး။ စစ်အာဏာသိမ်းပြီးတစ်လကျော်တဲ့အထိ သူတို့မြင်ချင်တဲ့ အကြောက်တရားရပ်ဝန်းကို စစ်အာဏာရှင်တွေ တစ်စွန်းတစ်စတောင်  မမြင်ရသေးပါဘူး။ အာဏာသိမ်းကတည်းက “ ငါတို့ မကြောက်ဘူး”  လို့ ရဲရဲရင့်ရင့်ပြသခဲ့တဲ့ ကျောင်းသားလူငယ်များ၊ ပြည်သူလူထုနဲ့ ပြည်သူ့ဝန်ထမ်းများရဲ့ အကြမ်းမဖက်အာခံရေးလှုပ်ရှားမှု (CDM) ဟာ အာဏာသိမ်းကောင်စီတွေကို တုန်လှုပ်ချောက်ချားစေခဲ့တယ်။ ပြည်သူလူထုရဲ့ အမှန်တရားမြတ်နိုးတဲ့စိတ်ဟာ ဘယ်လောက်ခိုင်မာနေသလဲဆိုတာကို သူတို့ မျက်ဝါးထင်ထင်တွေ့နေရပါတယ်။ ပြည်သူတွေရဲ့ ကြံ့ခိုင်သန်မာတဲ့ ကျောရိုးကို စစ်အာဏာရှင်အုပ်စုက အထိတ်တလန့်သိမြင်နေရပါတယ်။

မြန်မာပြည်သူများဟာ သူတို့ရဲ့ ဦးခေါင်းများကို မတ်မတ်ထားပြီး စစ်အာဏာရှင်အုပ်စုကို ရဲရဲရင့်ရင့်ရင်ဆိုင်နေပါတယ်။ သူတို့ရဲ့ ဦးခေါင်းထဲမှာ အမှန်တရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တွေရှိပါတယ်။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်တွေရှိပါတယ်။ လူသားရဲ့ ကောင်းမြတ်တဲ့ဂုဏ်ရည်သိက္ခာတွေ ရှိပါတယ်။ ဦးခေါင်းတွေကို မညွတ်စတမ်း ထောက်ကူပေးနေတာက  သန်မာတဲ့ ကျောရိုးများပါပဲ။ အကြောက်တရားကင်းတဲ့ ပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးဟာ မြန်မာနိုင်ငံတော်သစ်ကို မွေးဖွားနေပါပြီ။ သမိုင်းမော်ကွန်းသစ်ကို ထုဆစ်နေပါပြီ။

ချက်က်နိုင်ငံသားကဗျာဆရာ ဟိုးလဗ်( Huluv)ရဲ့ အရိုးများ ( Bones)  ဆိုတဲ့ ကဗျာမှာ  လူသားတွေ အပတ်တကုတ် ရှာဖွေနေတဲ့ ကျောရိုးအကြောင်းကို ညွှန်းထားပါသည်။ ကျောရိုးသန်မာတဲ့ မြန်မာပြည်သူများနဲ့ ကျောရိုးမဲ့ စစ်အာဏာရှင်အုပ်စုကို ရည်ညွှန်းပြီး ရေးခဲ့လေသလားလို့ ထင်မှတ်ရပါတယ်။

“ အရိုးများ”

ငါတို့ဘေးဖယ်ထား၊

အသုံးမကျတဲ့အရိုးများ

တွားသွားကောင်တွေရဲ့ နံရိုး၊ ကြောင်တွေရဲ့ သွားရိုး

မုန်တိုင်းရဲ့တင်ဆုံရိုး၊ ကံကြမ္မာရဲ့ ရင်ပုံရိုး။

ငါတို့ ကြိုးစားရှာဖွေတာက၊

ဖွံ့ထွားလာနေတဲ့

လူ့ဦးခေါင်းကို  ဒေါက်ထောက်ဖို့

ခိုင်မတ်တဲ့ ကျောရိုး။

( စာညွှန်း - The Burma Spring: Aung San Suu Kyi and the New Struggle for the Soul of a Nation )

မောင်သာမည

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013