
ယီမင် ဟူသီသူပုန်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သူတို့ကို နိုင်ငံရေးအရ ထိတွေ့ဆက်ဆံမှု လုပ်ကြည့်ဖို့ အီရန်နိုင်ငံက အကြံပြုထားတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး အီရှက်ဒါရ်က အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။
ဒီအကြံပြုချက်ကို ပါကစ္စတန်၊ ဆော်ဒီနဲ့ တူရကီတို့ ပါဝင်တဲ့ မက္ကာပူးတွဲကာကွယ်ရေး သဘောတူ စာချုပ် ကော်မတီက လာမဲ့သီတင်းပတ် ရိယာ့ဒ်မြို့မှာ ကျင်းပမဲ့အရေးပေါ် အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
ဒီအဆိုပြုချက်ဟာ အစ္စလာမ်ဘာသာရဲ့ အသန့်ရှင်းဆုံး မြို့တော် ၂ ခုကို ဟူသီတွေက ပစ်မှတ် ထားနေတယ်လို့ ဆော်ဒီအာရေဗျနိုင်ငံက စွပ်စွဲထားပြီး တိုက်ခိုက်မှုတွေ တိုးလာတာကြောင့် အခုလို အရေးပေါ် ဆွေးနွေးပွဲ လုပ်လာရတာပါ။
မက္ကာ ပူးတွဲကာကွယ်ရေးသဘောတူစာချုပ်အဖွဲ့ဝင် ၃ နိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာ အကြီးအကဲတွေ လည်း စက်တင်ဘာ ၂၅ ရက်က ရိယာ့ဒ်မှာ တွေ့ဆုံပြီး ဟူသီတွေရဲ့ တိုက်ခိုက်မှုကို ရှုတ်ချခဲ့ ကြပါသေးတယ်။
အီရန် သမ္မတ မာဆုဒ်ပီဇက်ရှ်ကီယန်နဲ့ နိုင်ငံခြားရေးဝန်ကြီး အက်ဘာ့စ် အာရက်ချီတို့က ဒီပြဿနာ ကို ဖြေရှင်းချင်နေကြပြီး အီရန်ဟာ ဟူသီတွေနဲ့ အီရတ် လက်နက်ကိုင်အဖွဲ့တွေနဲ့ ခပ်ခွာခွာ နေထားတယ်လို့ အီရှက်ဒါရ်က ဆိုပါတယ်။
ဒါဟာ တရားဝင် အဆိုပြုချက်တော့ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးတွေကြား စေတနာနဲ့ တင်ပြခဲ့တဲ့ အကြံပြုချက်တခုသာ ဖြစ်ပြီး စစ်ရေးအရ တုံ့ပြန်မဲ့အစား အစားထိုး ရွေးချယ်စရာ နည်းလမ်း တခု အနေနဲ့ စဉ်းစားသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကာကွယ်ရေး သဘောတူစာချုပ်ထဲဝင်ဖို့ နိုင်ငံပေါင်း ၆ နိုင်ငံထက်မက စိတ်ဝင်စား နေကြပေမဲ့ စာချုပ်လုပ်ငန်းစဉ်တွေ အလုံးစုံလည်ပတ်နိုင်ဖို့ တနှစ်လောက် အချိန်ယူရနိုင်ပြီး အဲဒီအချိန်ထိတော့ အသစ်ဝင်မဲ့သူတွေကို စဉ်းစားပေးမှာ မဟုတ်သေးပါဘူး။
ဆော်ဒီ၊ တူရကီနဲ့ ပါကစ္စတန်တို့ဟာ ၃ နိုင်ငံထဲက တနိုင်ငံကို လက်နက်ကိုင် တိုက်ခိုက်လာရင် အားလုံးကို တိုက်ခိုက်တာလို့ မှတ်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်ကတည်းက မက္ကာ ပူးတွဲကာကွယ်ရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးထားခဲ့ကြတာ ဖြစ်ပါတယ်။
Source:Reuters










