
ပေါ်တူဂီဘောလုံးအသင်းလို့ပြောရင် အရင်ဆုံး မြင်ကြတာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတယောက် ဖြစ်ခဲ့ပြီး အခုထိ လူတွေနှုတ်ဖျား ရေပန်းစားနေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုပါ။ သူ့နောက်မှာ ဘရူနိုဖာနန်ဒက်စ်၊ ဘာနာဂိုဆေးလ်ဗား၊ ဂျာအိုနီးဗက်စ်၊ ဗီတင်ညာတို့ အလယ်တန်းနဲ့ ရူဘင်ဒီးယက်ဇ်၊ ကန်ဆယ်လို၊ နျူနိုမန်ဒက်ဇ် တို့နောက်တန်းက ပရိတ်သတ်တွေအတွက် မျှော်လင့်ချင်စရာဖြစ်ခဲ့တာပါ။
ကမ္ဘာ့ဖလားမစခင်မှာ ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေထဲမှာလည်း နံပါတ် ၅ နေရာက ပါခဲ့သလို ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာလည်း တတိယနေရာမှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲတွေ ကစားပြီးချိန်မှာတော့ ပေါ်တူဂီဆိုတဲ့ အသံတွေ တိမ်ဝင်သွားကြပါတယ်။ အုပ်စုတွင်းမှာ အားအနည်းဆုံးဖြစ်တဲ့ ဥဇဘက်ကစ္စတန် တသင်းတည်းကိုပဲ အနိုင်ယူနိုင်ပြီး ကိုလံဘီယာနဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ၄၀ ကျော်က ဒီအာရ်ကွန်ဂိုတို့ကို သရေကျခဲ့ပြီးတဲ့ နောက် ကမ္ဘာ့အဆင့် နံပါတ် ၃ မှာ ရှိခဲ့တဲ့ ပေါ်တူဂီအသင်းဟာ အဆင့် ၈ ထိခုန်ဆင်းသွားပါတယ်။ ဒါ့အပြင် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ အသင်းတွေစာရင်းမှာလည်း နောက်ရောက်သွားပါပြီ။ ဘာလို့ ဒီလိုတွေ ဖြစ်ခဲ့တာပါလဲ။
ပေါ်တူဂီရဲ့ အထင်ရှားဆုံး ပြဿနာတခုက ရော်နယ်ဒိုပါ။ သူဟာ ပေါ်တူဂီအသင်းကို ယူရို ၂၀၁၆၊ UEFA Nations League ၂၀၁၉ နဲ့ ၂၀၂၅ တွေမှာ ဗိုလ်စွဲအောင် ဦးဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့ဖလားမှာလည်း ၂ ဂိုးသွင်းထားပြီး နိုင်ငံတကာသွင်းဂိုး ၁၄၅ ဂိုးနဲ့ ပေါ်တူဂီရဲ့ သမိုင်းတလျှောက် ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ရှင်ပြုတုန်းက ဆောင်းခဲ့တဲ့ ရွှေထီးဖြစ်သွားပါပြီ။ လက်ရှိ ကမ္ဘာ့ဖလားမှာ သူဟာ ပေါ်တူဂီ လူစာရင်းမှာ ပွဲတိုင်း ပါပေမဲ့ အရင်လို ခြေစွမ်းပြနိုင်တာမျိုးတော့ မဟုတ်တော့ပါဘူး။ အပူလှိုင်းဖြတ်နေတဲ့ ရာသီဥတုမှာ ငယ်စဉ်ကတည်းက ခွန်အားသုံး ကစားတတ်ခဲ့တဲ့ ၄၁ နှစ်အရွယ် ဝါရင့်ကစားသမားကြီးဟာ ထင်သလောက် မသွက်တော့ပါဘူး။ ပွဲချိန်တချို့မှာ ရှေ့မှာ တယောက်တည်း ထီးထီးကြီး ကျန်နေခဲ့တတ်သလို တချို့အချိန်တွေမှာလည်း ဘောလုံးဆင်းယူပေမဲ့ ရှေ့ကို အရင်လို မြန်မြန် ပြန်မတက်နိုင်တော့ပါဘူး။ သူ ၂ ဂိုး သွင်းထားနိုင်တယ် ဆိုတာကလည်း ဥဇဘက်ကစ္စတန်ဘက်ကိုဆိုတာ သတိပြုဖို့ လိုပါမယ်။
နောက်ထပ် အားနည်းချက်တခုကတော့ ပေါ်တူဂီရဲ့ အကြီးဆုံး အားသာချက်ဖြစ်နေတဲ့ ကွင်းလယ်က အလုပ်မဖြစ်တာပါ။ ချန်ပီယံလိဂ် ချန်ပီယံ PSG ကွင်းလယ်လူတွေ ဖြစ်တဲ့ ဂျာအိုနီးဗက်စ်၊ ဗီတင်ညာတို့နဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားလို့ ပြောလို့ရတဲ့ ဘရူနိုဖာနန်ဒက်စ်တို့ ကွင်းလယ်ဟာ ပြီးခဲ့တဲ့ပွဲတွေမှာ အမှားအယွင်းမရှိအောင် ထိန်းကစားတာမျိုးပဲ လုပ်နေတာများပြီး ပြောင်မြောက်တဲ့ ဘောလုံးပေးပို့မှုတွေ၊ ဖြန့်ဝေမှုတွေကို စွန့်စားပြီး လုပ်ထားတာ တော်တော်ရှားပါတယ်။ အုပ်စုပွဲစဉ် အဖွင့်ပွဲဖြစ်တဲ့ ကွန်ဂိုနဲ့ ပွဲမှာဆိုရင် ဘောလုံး ပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်း ရှိပေမဲ့ ဂိုးကန်သွင်းမှု ၉ ကြိမ်ပဲ လုပ်နိုင်ခဲ့တဲ့အထိ ဖြစ်ပါတယ်။ ဘောလုံးကိုင်ထားပြီး အခွင့်အရေး ဖန်တီးမှုပိုင်းမှာ အားနည်းတဲ့သဘောပါ။ ဒါတွေက လက်ရှိ အားနည်းချက်တွေပါ။
အားရစရာကတော့ ခံစစ် ဖြစ်ပါတယ်။ ပေါ်တူဂီဟာ ကွန်ဂိုနဲ့ ပွဲမှာ တဂိုးပဲ ပေးခဲ့ရပြီး ကျန်တဲ့ ၂ ပွဲမှာ ဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ရူဘင်ဒီးယက်ဇ် ဂိုးသမား ဒီယေဂို ကော်စတာ တို့ဟာ ပေါ်တူဂီနောက်တန်းကို ကောင်းကောင်း ထိန်းကျောင်းထားနိုင်နေပါတယ်။ ဆိုတော့ ဒီအခြေအနေနဲ့ ပေါ်တူဂီအသင်း ကမ္ဘာ့ဖလားမှာ ဘယ်လောက်မျှော်လင့်နိုင်ပါသလဲ။
အုပ်စုအဆင့်မှာ ဒုတိယပဲ ရခဲ့တဲ့ ပေါ်တူဂီဟာ ၃၂ သင်းအဆင့် ရှုံးထွက်မှာ ခရိုအေးရှားနဲ့ ကစားရမှာပါ။ ခရိုအေးရှားကို နိုင်ခဲ့ရင် စပိန်၊ ဘယ်လ်ဂျီယံ၊ အိမ်ရှင် အမေရိကန်၊ ပြင်သစ် စတဲ့ အသင်းတွေနဲ့ တွေ့ရနိုင်ခြေရှိနေပါသေးတယ်။
ဒါပေမဲ့ဒီထဲမှာ ဥရောပ အသင်းတွေ ကစားရခက်တဲ့ တောင်အမေရိက အသင်းတွေတော့မ ပါပါဘူး။ တွေ့ရနိုင်ခြေရှိတဲ့ စပိန်၊ ပြင်သစ် စတဲ့အသင်းတွေဟာလည်း တသင်းနဲ့တသင်း အထာသိသလို ပေါ်တူဂီအနေနဲ့ အနိုင်ရဖူးတဲ့ အသင်းတွေ ဖြစ်ပါတယ်။ ပေါ်တူဂီအနေနဲ့ အဓိက ပြဿနာတွေကို အချိန်မီဖြေရှင်းပြီး အားသာချက်တွေကို မှန်မှန်ကန်ကန် ထုတ်သုံးနိုင်သလို ကံတရားလည်း ဖေးမမှုရမယ် ဆိုရင်တော့ ဆီမီးဖိုင်နယ်အဆင့်လောက်ထိ မျှော်လင့်နိုင်မှာဖြစ်ပေမဲ့ ဒီအတိုင်းသွားရင်တော့ ၁၆ သင်းအဆင့်လောက်ကနေ လှည့်ပြန်ရဖို့ ရှိနေပါတယ်။











