DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်အုပ်စုအပေါ်  အရေးယူမှုများ ပိုလုပ်ရန် စင်ကာပူကို တိုက်တွန်း
DVB
·
June 11, 2026
Photo: Justice For Myanmar
Photo: Justice For Myanmar
Donate to DVB

မြန်မာစစ်တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်နိုင်ဖို့အတွက် စင်ကာပူနိုင်ငံအနေနဲ့ အခုထက်ပိုမိုလုပ်ဆောင်ဖို့ လူ့အခွင့်ရေးလှုပ်ရှားတဲ့  Justice For Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ထံ စစ်လက်နက်တွေ ထောက်ပံ့ပေးနေတဲ့ စင်ကာပူကုမ္ပဏီ ၃၃ ခုကို Justice For Myanmar က ဖော်ထုတ်ခဲ့ပြီး ၄ နှစ်နီးပါးအကြာမှာ ကုမ္ပဏီ  ၂၀ လောက် စာရင်းမှ ပယ်ဖျက်ခံထားရပေမဲ့ ကုမ္ပဏီ ၁၃ ခုကတော့ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကာ ဒီအထဲမှာ  Dynasty Excellency၊ MCM Group KT Group နဲ့ Ky-Tha Group စတဲ့ ကုမ္ပဏီအုပ်စုတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ နာမည်အဆိုးဆုံး လက်နက်ပွဲစားတွေထဲမှာ စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားဆဲ ကုမ္ပဏီတွေ ရှိနေသေးကြောင်း၊ ဒီအထဲမှာ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံရဲ့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်  ဦးအောင်မိုးမြင့်ရဲ့ Dynasty Excellency ကုမ္ပဏီ ပါဝင်ကြောင်းနဲ့ ဒီကုမ္ပဏီအုပ်စုဟာ ဘယ်လာရုစ်နိုင်ငံမှ မြန်မာစစ်တပ်အတွက် စစ်လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ကြားခံဝယ်ယူပေးတာနဲ့ လက်နက်အရောင်းအဝယ်အတွက် စစ်အုပ်စုရဲ့ ငွေပေးချေမှုတွေကို စီမံဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

MCM ကုမ္ပဏီကတော့ လေတပ်အတွက် Mi-2 နဲ့ Mi-17 ရဟတ်ယာဉ်အစိတ်အပိုင်းတွေ၊ ကြည်းတပ်အတွက် BTR-3U သံချပ်ကာတပ်ဖွဲ့ဝင် သယ်ယူပို့ဆောင်ရေးယာဉ်တွေနဲ့ ရေတပ်အတွက် ရေယာဥ်အစိတ်အပိုင်းတွေ ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

Ky-Tha ကုမ္ပဏီအုပ်စုကလည်း မြန်မာစစ်တပ်အတွက် Thales Coast Watcher 100 ကမ်းရိုးတန်းစောင့်ကြည့်ရေး ရေဒါစနစ်တွေ ဝယ်ယူပေးရာမှာ ပါဝင်ပတ်သက်ခဲ့သလို မြန်မာလေတပ်အတွက် ATR နဲ့ Fokker လေယာဉ်တွေကိုလည်း ဝယ်ယူပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်အုပ်စုနဲ့ လေယာဉ်ဆီ တင်သွင်းခြင်းနဲ့ ဖြန့်ဖြူးခြင်း လုပ်ငန်းတွေမှာ ပါဝင်တဲ့ စင်ကာပူကုမ္ပဏီ အနည်းဆုံးတခု လုပ်ငန်းလည်ပတ်နေသေးတယ်လို့ ဆိုပါတယ်။

Justice For Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်ရဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေမှာ အားပေးကူညီနေတဲ့ စင်ကာပူကုမ္ပဏီတွေကို ဖော်ထုတ်ခဲ့တာ ၄ နှစ်နီးပါး ရှိလာခဲ့ပေမဲ့ ဒီလောက်များပြားတဲ့ စီးပွားရေးလုပ်ငန်းတွေက အရေးယူမခံရဘဲ ဆက်လက် လည်ပတ်နေတာက‌တော့ လက်ခံနိုင်စရာ မရှိပါဘူး။ အရေးယူမှုတွေ ပြုလုပ်ခဲ့တာကို ကြိုဆိုပေမဲ့ စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် နေ့စဉ်နဲ့အမျှ အကြမ်းဖက်နိုင်ဖို့ လိုအပ်နေတဲ့ စစ်လက်နက်တွေ၊ စက်ပစ္စည်းတွေနဲ့ လေယာဉ်ဆီတွေကို ဖြတ်တောက်နိုင်ဖို့ စင်ကာပူအနေနဲ့ အခုထက်ပိုမိုလုပ်ဆောင်ရမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

အဆိုပါ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေအပေါ် ချက်ချင်း အရေးယူဆောင်ရွက်ဖို့၊ စင်ကာပူနိုင်ငံအတွင်းရှိ ဘယ်ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ်မှ စစ်အုပ်စုရဲ့ အကြမ်းဖက်ထောက်ပံ့ရေး ကွင်းဆက်အတွက် ပွဲစား ကြားခံအဖြစ် ဆောင်ရွက်နေခြင်း မရှိစေရေး အာမခံချက်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

ဒါ့အပြင် စင်ကာပူဘဏ်တွေအနေနဲ့ စစ်အုပ်စုအတွက် စစ်လက်နက်၊ နည်းပညာနဲ့ လေယာဉ်ဆီ ဝယ်ယူပေးနေတဲ့ ကုမ္ပဏီတွေကို ဘဏ်ဝန်ဆောင်မှု ပေးနေတာကို ရပ်တန့်ဖို့ တိုက်တွန်းပါတယ်။

၂၀၂၇ ခုနှစ်မှာ အာဆီယံဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ရမဲ့ စင်ကာပူနိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ အပေါ် စစ်အုပ်စုက ကျူးလွန်နေတဲ့ ဆိုးရွားလှတဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့လည်း Justice For Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာ တောင်းဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013