
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာရှိတဲ့ နေအိမ်ကို စစ်တပ်က နှစ်နဲ့ချီ ချိပ်ပိတ်ထားခဲ့ပြီး မေလထဲမှာတော့ လေလံပစ်ခဲ့တယ်လို့ နေအိမ်ပိုင်ရှင်လည်းဖြစ်သူ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3-9702) ရဲ့ ခေါင်းဆောင် ဒေါ်ဝင်းမြသွယ် (ခ) မနီက မေ ၁၈ ရက်မှာ ပြောပါတယ်။
ဒေါ်ဝင်းမြသွယ်ရဲ့ နေအိမ်ကို စစ်တပ်က ၂၀၂၁ ခုနှစ် အောက်တိုဘာလထဲမှာ ချိတ်ပိတ်ခဲ့ပြီး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလထဲမှာ လေလံပစ်မယ်လို့ သတင်းထွက်ခဲ့ပြီးတဲ့နောက် မေလ ဒုတိယအပတ်ထဲမှာတော့ သိန်းသောင်းချီတန်တဲ့အိမ်ကို သိန်း ၃,၅၀၀ နဲ့ လေလံပစ်ခဲ့တယ်လို့ သိရပါတယ်။
အိမ်ပိုင်ရှင် ဒေါ်ဝင်းမြသွယ်က “စစ်တပ်က ဦးဆောင်ပြီး လုပ်တာပေါ့၊ တပ်အသိုက်အဝန်းက ညီအစ်မ ၂ ယောက်က ၃,၅၀၀ နဲ့ ဆွဲသွားတယ်။ ကိုယ်ပိုင်အိမ်၊ ချွေးနည်းစာနဲ့ ဆောက်ထားတဲ့အိမ်ကို မတရားသဖြင့် လေလံပစ်တယ်။ လေလံပစ်သူတွေကလည်း မတရားလုပ်တယ်၊ လေလံယူတဲ့ သူတွေကလည်း အချောင်နေ အချောင်စား အချောင်ရချင်လို့ သိန်း သောင်းကျော်တန်တဲ့အိမ်ကို ထောင်ဂဏန်းနဲ့ယူတယ်လို့ မြင်တယ်” လို့ ပြောပါတယ်။
နေအိမ်က ကာလပေါက်စျေးအရ သိန်း တသောင်းနဲ့အထက် ရှိနေပေမဲ့ ချိပ်ပိတ်ခံရတဲ့အိမ်ကို စစ်တပ်နဲ့ ပတ်သက်နေတဲ့ စိုးမိုးလွင် ဆန်နဲ့ ဓာတ်မြေသြဇာပွဲရုံက ညီအစ်မ ၂ ယောက်က သိန်း ၃,၅၀၀ နဲ့ လေလံဆွဲခဲ့တာလို့ သိရပါတယ်။
ဆက်လက်ပြီး ဒေါ်ဝင်းမြသွယ်က “အမည်ပေါက်နဲ့ ဂရမ်ရှိပြီးသား ကိုယ်ပိုင်အိမ်၊ အဲ့အိမ်ကို ဘယ်သူ့ကိုမှ လုပ်ပိုင်ခွင့်မပေးထားဘူး။ လုပ်ပိုင်ခွင့်မပေးထားဘဲ လုပ်ချင်သလိုလုပ်တဲ့အပေါ် အပြင်းအထန် ကန့်ကွက်တယ်၊ ရှုတ်ချတယ်” လို့ ပြောပါတယ်။
ဒေါ်ဝင်းမြသွယ်ဟာ NLD အစိုးရလက်ထက်က ကလောမြို့နယ် အလုပ်အမှုဆောင်နဲ့ အမျိုးသမီးလုပ်ငန်းကော်မတီရဲ့ မြို့နယ်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။
ခုလက်ရှိမှာတော့ ရှမ်းတောင်အထူးတပ်ဖွဲ့ (P3-9702) ကို ဦးဆောင်နေသလို စစ်ဘေးရှောင် ပြည်သူတွေကိုလည်း ကူညီပံ့ပိုးပေးနေတာပဲ ဖြစ်ပါတယ်။











